အရိယာနဲ့ ပုထုဇဉ် ဘာကွာလဲဆိုတော့
အမြင်ပဲကွာတယ်
ကျန်တာ ဘာမှ မကွာဘူး
အပြုအမူ အပြောအဆို အနေအထိုင်
ဒီအတိုင်းပဲ တူတယ်
လောဘတွေဖြစ်လိုက်
ဒေါသတွေဖြစ်လိုက်
မာန်မာနတွေ ကြီးလိုက်
ပျော်လိုက်ပါးလိုက်နဲ့
ပုထုဇဉ်လိုပဲ နေတာပဲ
ကွာတာက အမြင်ပဲကွာတယ်
အမြင်ကွာလို့ အရိယာဖြစ်သွားသူက
အပါယ်အကုသိုလ်ကိုရှောင်နိုင်တာ
အရိယာက ဉာဏ်နဲ့ကြည့်တတ်တယ်
ပုထုဇဉ်က ပညတ် မျက်စိနဲ့ပဲ ကြည့်တတ်တယ်
တချို့ ပုထုဇဉ်တွေ သတိကြီးလို့
အပါယ် အကုသိုလ်ကိုရှောင်ရာမှာ
အရိယာလို မြင်တတ်လို့ရှောင်တာ မဟုတ်ဘူး
သူ့အသက်ကိုသတ်ဖို့ကိစ္စမှာ
ပုထုဇဉ် သူတော်ကောင်းက
ကိုယ်ရေးကိုယ်တာ ကိစ္စမှာသော်၎င်း
အများအကျိုးအတွက် ကိစ္စမှာသော်၎င်း
ဒေါသနဲ့
သတ်ပစ်ချင်တဲ့ ဆန္ဒရှိတယ်
သေစေချင်တဲ့ ဆန္ဒလည်းရှိတယ်
မသတ်သင့်ဘူးလို့တွေးပြီးရှောင်တာ
ကိုယ်ချင်းစာစိတ်နဲ့ ရှောင်တာ
အပါယ်ကိုကြောက်လို့ရှောင်တာ
ဒီလိုတော့ ရှိတယ်
သူတစ်ပါးသတ်လိုက်လို့
သေသွားရင်လည်း ဝမ်းသာတယ်
သူ့ စိတ်မှာ သောဘနစိတ်တွေ
အစိုးမရတော့ဘူး
အသောဘနစိတ်တွေပဲ ကြီးစိုးနေပြီ
စိတ်အစဉ်မှာ ညစ်ညူးနေတယ်
လူကတော့ အမြင်မှာ တည်ငြိမ်တယ်လို့
ထင်ချင်စရာကြီးပေါ့
အရိယာက အဲ့ဒီလို မဟုတ်ဘူး
ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့
တဖက်သားကိုသတ်ချင်တာ မဖြစ်ဘူး
မကျေနပ်တာရှိလည်း ဒေါသနဲ့တော့
ပြောချင်ပြောပါလိမ့်မယ်
သူ့စိတ်မှာ သူတစ်ပါးကို
ပျက်စီးရာ ပျက်စီးကြောင်း
ကြံစည်အားထုတ်နေတာမရှိသလို
ပြုလုပ်အားထုတ်တာ မရှိဘူး
တဏှာ မာန ကြောင့်တော့
လုပ်လို့ရမယ်ထင်တာကို လုပ်ကြည့်တတ်တယ်
သို့သော် ဒိဋ္ဌိနဲ့ယှဉ်တဲ့ အတွေးမျိုး
မရှိတဲ့အတွက် အစွန်းရောက်မသွားဘူး
ကောင်းသော ဓမ္မ အာရုံတွေမှာ
စိတ်ရောကိုယ်ရော နစ်ဝင်ပြီး စူးစူးစိုက်စိုက်
ရှိသွားနိုင်ပေမယ့်
မကောင်းသော အကုသိုလ် အာရုံတွေမှာတော့
မွေ့လျော်နေတယ်ဆိုအုံးတော့
စိတ်ရော ကိုယ်ရော နစ်ဝင်ပြီး
မေ့မေ့လျော့လျော့ ဖြစ်တယ်ဆိုတာ
မရှိတော့ဘူး
အဲ့ဒီလိုဖြစ်တယ်ဆိုတာ အမြင်ချင်း
ခြားနားလိုပါပဲ
နှစ်သက်ဖွယ်ရာ ကာမဂုံ အာရုံဆိုတာ
နှစ်သက်ဖွယ်ရာမို့နှစ်သက်လိုက်တာပါပဲ
ဘာမှ အကျိုးမရှိတဲ့ကိစ္စမို့
နစ်ဝင်ပြီး မက်မောမနေတော့ဘူး
ပျော်စရာရှိပျော်လိုက်မယ်
စားစရာရှိရင်စားလိုက်မယ်
သူတစ်ပါးကို နစ်နာသွားအောင်
အကျိုးမဲ့ ပျက်စီးသွားအောင်
ရည်ရွယ်ချက်ရှိရှိနဲ့
ဘယ်တော့မှ မလုပ်တော့ဘူး
သူတစ်ပါးကို အကျိုးမဲ့ပျက်စီးစေလိုတဲ့
ဆန္ဒ မရှိတဲ့သူဟာ စိတ်ချမ်းသာနေတာပဲ
အရိယာတွေရဲ့ ချမ်းသာခြင်းက အဲ့ဒါပဲ
သူတစ်ပါးကို အကျိုးမဲ့အောင်
ပျက်စီးအောင် ကြံစည်တာ မရှိဘူး
စိတ်ဆိုးလို့ ဒေါသဖြစ်လို့
ပါးစပ်က ဆိုပြောမိတာသာရှိမယ်
ပျက်စီးရာ ပျက်စီးကြောင်းကို
မကြံစည်ဘူး အားမထုတ်ဘူး
ပုထုဇဉ်က ကြံစည်တယ်
အားထုတ်တယ်
သူတစ်ပါးပျက်စီးရင်လည်း ပျော်တယ်
ဒါကြောင့်
အရိယာဟာ ဣနြေ္ဒနဲ့ပြည့်စုံသွားပြီဆိုတာ
ပညာဆိုတဲ့ ဣနြေ္ဒပြည့်စုံသွားတာ
ခန္ဓာကို မြင်တဲ့အမြင်
ပညတ် အာရုံတွေကိုမြင်တဲ့အမြင်
ခွဲခြမ်းစိပ်ဖြာပုံတွေခြားနားသွားတာပဲ
စာမတတ်တဲ့သူနဲ့
စာတတ်တဲ့သူတွေမှာ ခြားနားခြင်းတွေရှိတယ်
တချို့တွေပြောပြလို့ နားမလည်ကြဘူး
ပညာအရည်အချင်းကွာရင် ကွာသလို
စကားပြောရတာ ကွာတယ်
စကားဝှက် အသုံးအနှုန်းတွေသင်ထားတဲ့
သူအချင်းချင်းက စကားဝှက်နဲ့ပြောရင်
နားလည်တယ်
မသင်ထားဖူးတဲ့သူက နားမလည်ဘူး
ပညာကွာတယ်
အဘိဓမ္မာသင်ထားဖူးတဲ့သူက
စိတ် တစ်ခုယုတ် ကိုးဆယ်လို့ပြောရင်
ကိန်းဂဏန်းကိုတန်းသိတယ်
မသင်ဖူးတဲ့သူက သူထင်ချင်ရာထင်ပြီး
သူသဘောပေါက်ချင်သလိုပေါက်တယ်
ပညာကွာတယ်
အဲ့ဒီလို ကွာခြားချက်တွေထက်
ပိုမြင့်သွားတာက
အရိယာနဲ့ပုထုဇဉ် ပဲ
ဘယ်လောက်ထိ တော်ပါတယ်လို့ ပြောပြော
အရိယာရဲ့ အမြင်မျိုးနဲ့ မမြင်နိုင်ဘူး
သင်ယူထားတဲ့စာပေကြောင့် ခန့်မှန်းနိုင်တယ်
လို့ ဆိုစေအုံးတော့
မျက်မမြင်ပုဏ္ဏားကြီးတွေလိုပဲ
အထင်တွေသာဖြစ်နေမှာပါပဲ
ကြက်ကန်းဆန်အိုးတိုးတာလောက်တော့
ရှိမှာပေါ့
ဣနြေ္ဒ ရင့်ကျက်သွားတယ်လို့
စာထဲမှာဆိုထားတော့
လေးလေးထိုင်းထိုင်း
မထုံတက်တေး
မျက်လွှာအောက်ချပြီး
စကားမပြော ဘာမပြောဖြစ်သွားတယ်လို့
ထင်သွားကြမှာပဲ
ရွှေမန်းတင်မောင်ကို အသံကြားဖူးပြီး
ရုပ်လှမှာပဲလို့ ထင်တဲ့အထင်မျိုးသာဖြစ်တယ်
ဣနြေ္ဒနဲ့ပြည့်စုံတယ်လို့ဆိုရာမှာ
တပ်မက်စိတ်တွေ စူးနစ်မနေတော့တာကိုပြောတာပါ
လိုချင်ရဲ့သားနဲ့ ဟန်ဆောင်နေတာကို
ပြောတာ မဟုတ်ဘူး
တချို့က သိတ်ဟန်ဆောင်ကောင်းတယ်
အရိယာဖြစ်သွားသူက လိုချင်ခဲ့ရင်လည်း
မဆုံးနိုင် မပြီးနိုင် တပ်မက်မှုမျိုး
မဖြစ်တော့တာ
အရိယာတို့ ရအပ်တဲ့ ဣနြေ္ဒဆိုတာ
မျက်စိနဲ့ မြင်လို့ရတဲ့ အရာတွေကို
ဆိုထားတာ မဟုတ်ဘူး
စိတ်မှာ အညစ်အကြေးကင်းစင်တဲ့
တည်ငြိမ်မှုကို ဆိုလိုတာ
ဝါသနာနဲ့ စရိုက်အရ ပြောတာ လုပ်တာ
ရှိနိုင်ပေမယ့်
စိတ်မှာ အညစ်အကြေးကပ်ငြိတာ
မဟုတ်တဲ့အတွက်
ထင်ကြေးပေးပြီး ပြောဆိုမိရင်
ပြောဆိုသူမှာ အပြစ်ဖြစ်ကုန်တယ်
အရှင်ပိလိန္ဒဝစ္ဆမထေရ်လိုပေါ့
ရဟန္တာကြီးဖြစ်ပေမယ့် ဝါသနာကို
မပယ်နိုင်တော့ မသိနားမလည်သူက
ပြစ်မှားမိပါလေရော
ဘယ်လောက်ထိ အန္တရာယ်ကြီးသလဲနော်
ဒါကြောင့်
ပြောတာ ဆိုတာ သတိထားဖို့
အင်မတန်လိုအပ်ပါတယ်
အမြင်တွေကွာခြားသွားတော့
ခန္ဓာကိုမြင်တဲ့အခါ
ပုထုဇဉ်က ငါ လို့မြင်တယ်
အရိယာက ရုပ်နဲ့ နာမ်လို့ မြင်တယ်
ဘယ်လောက်ထိ စာတတ်တယ်ဆိုစေအုံးတော့
သင်ကြားထားလို့သာ ရုပ်နာမ်လို့ယူနေရတာ
အမြင်မှာ ရှင်းလင်းပြတ်သားမှုမဖြစ်ဘူး
ငါ ဆိုတဲ့ အမြင်က ရှိကိုရှိနေသေးတာ
အရိယာက ဒီခန္ဓာအိမ်ကြီးကို
ခန္ဓာအိမ်ကြီးလို့မြင်တယ်
အထည်ခန္ဓာလို့မြင်တယ်
ရုပ်တရား အစုအပေါင်းကြီးကို
နာမ်နဲ့ ထိန်းထားတယ်လို့မြင်တယ်
ဒိဋ္ဌိ ငါ ဆိုတာ လုံးဝ ရှင်းလင်းပြီးဖြစ်တယ်
တဏှာငါ မာနငါနဲ့တော့
လိုချင် ရချင် ဖြစ်ချင်စိတ်တွေနဲ့
ကိုယ်တိုင်က မြင့်မြတ်သူတစ်ယောက်ဖြစ်တဲ့
အသိမှန်အပေါ်မှာ ငါ မြတ်၏ဆိုတဲ့
မာနလေးတော့ ရှိတာပေါ့
သို့သော်
ဘယ်လောက်ပဲ မြင့်မြတ်တယ်လို့မာနဖြစ်နေပါစေ
ရတနာမြတ်သုံးပါးအပေါ်မှာတော့
မှန်ကန်တဲ့အသိအမြင်နဲ့
မြတ်နိုးတတ် ဆည်းကပ်တတ်တယ်
ဒါန များစွာပြုနေမှ ရတနာသုံးပါကို
မြတ်နိုးတယ်လို့ ယူဆနေလို့မရဘူး
ဘုရားကျောင်းကန်သွားပြီး ဥပုပ်ယူပြနေမှ
ရတနာသုံးပါးကိုမြတ်နိုးတယ်လို့
ယူဆလိုမြရဘူး
အရိယာတို့ ပိုင်ဆိုင်တဲ့ သူတော်ကောင်းဥစ္စာ(၇)ပါးမှာ
စာဂ လို့ပဲ ပါတယ် ဒါန လို့ မပါဘူး
စာဂ ဆိုတာ တကယ့်ကိုစွန့်လွှတ်တဲ့အလှူ
ဘာမျော်လင့်ချက်မှ မပါတဲ့
စွန့်လှူခြင်းကို စာဂလို့ခေါ်တာ
ကိုယ်စွန့်လှူတဲ့ ပုဂ္ဂိုလ်ဟာ
သီလ သမာဓိနဲ့ နေနေတာလည်း မဟုတ်ဘူး
ကိုယ့်ကိုပြန်လည်ပေးကမ်းစောင့်ရှောက်နိုင်သူလည်း
မဟုတ်ဘူး သူလိုပုဂ္ဂိုလ်ကို စွန့်လှူလိုက်ရလို့
အကျိုးကြီးမားစွာ ကုသိုလ်ဖြစ်မှာလည်း မဟုတ်ဘူး
ဆိုတာကို သိပါလျက် အခက်အခဲတစ်ခုကနေ
လွတ်မြောက်ခွင့်ရပါစေဆိုတဲ့
စေတနာနဲ့ မိမိမှာရှိတာလေးကို
စွန့်လှူပေးကမ်းလိုက်ခြင်းက စာဂ ပဲ
ဘာအလိုလောဘစိတ်မှ မပါဘူး
ဘုံဗိမာန်ကို တောင့်တမှု မပါဘူး
အခြွေအရံတွေရလိုမှု မပါဘူး
စည်းစိမ်ဥစ္စာတွေပြည့်စုံဖို့ မရည်မှန်းဘူး
ချစ်ခင်မှု တွယ်တာမှု သံယောဇဉ်တွေနဲ့လည်း
မဟုတ်ဘူး
သူ့အခက်အခဲကို ကူညီပေးချင်ယုံသက်သက်
စွန့်လွှတ်လိုက်တာပဲ
ဒီလိုစွန့်လွှတ် ပေးကမ်းခဲ့တာကို
အထက်စီးဆန်တဲ့ အနေအထားမျိုးနဲ့
ငါကူညီခဲ့တာပါကွာလို့
မောက်မာ မနေဘူး
ကိုယ်ကူညီလိုက်တာ သူ့အတွက်
အကျိုးရှိပါစေဆိုတဲ့ စိတ် သင်သက်ပဲ
စိတ်အပေါ်မှာမူတည်ပြီးတော့
ဒါန စာဂ က ခြားနားပါတယ်
ငါ ကူညီထားတယ် ငါ့ကိုဘာပြန်လုပ်ပေး ဆိုတာမျိုးက
အပေးအယူသဘောပဲ
ဒါက စီးပွားရေးဆန်သွားတယ်
အရောင်းအဝယ်လုပ်တာဖြစ်သွားတယ်
စိတ်တွေ လုပ်ရပ်တွေက
မြင့်မြတ်ခြင်း နိမ့်ကျခြင်းတွေကို
ပိုင်းခြားသွားတာ
ဂုဏ်တွေ ငွေတွေက ပိုင်းခြားနိုင်တာ မဟုတ်ဘူး
အရိယာတို့ရဲ့ မြင့်မြတ်ခြင်းနဲ့ဂုဏ်ရှိခြင်းက
ပညာနဲ့ပဲ ယှဉ်တယ်
ပုထုဇဉ်တို့ရဲ့ မြင့်မြတ်ခြင်း ဂုဏ်ရှိခြင်းက
စည်းစိမ်ဥစ္စာ ရာထူး ဂုဏ်သိမ်ကို မှီရာအဖြစ်ယူတယ်
ဒီလိုနည်းအားဖြင့်
အရိယာနဲ့ ပုထုဇဉ် ဆိုတာ
အမြင်ကွာသွားတယ်
ဣနြေ္ဒနဲ့ပြည့်စုံတယ်လို့ဆိုထားတာက
မျက်စိနဲ့မြင်နိုင်တာ မဟုတ်လို့
စောင့်ကြည့် အကဲခတ်လည်း
အမှန်မသိနိုင်ဘူး
အဲ့ဒီလိုကွာခြားချက်တွေရှိတယ်
***တတိယမြောက်သမီးတော်***
0 comment:
Post a Comment