ဇရာပိ ဒုက္ခံ
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
ဒီနေ့
ရေချိုး ခေါင်းလျှော်ပြီး
ခေါင်းကို ဖီးလိုက်တဲ့အချိန်
ဆံပင်ဖြူတစ်ချောင်း ကျွတ်ကျလာလေရဲ့
ကြမ်းပေါ်ကျသွားတဲ့ ဆံပင်ဖြူကို
သေချာအောင် ကောက်ကြည့်လိုက်ရင်း
ငါ့ တစ်ခေါင်းလုံးများ ဆံပင်တွေဖြူနေပြီလားလို့
အပေါ်ထပ်ကို အပြေးတက်ပြီး
မှန်ထဲမှာ ဆံပင်တွေကို နဲနဲခြင်း ချဲကြည့်လိုက်မိတယ်
နေ့စဉ်ခေါင်းဖီးပေမယ့် မှန်ကြည့်လေ့မရှိတာကြောင့်
ကိုယ့်မျက်နှာနဲ့ ကိုယ်လည်း မကြည့်ဖြစ်ခဲ့ပါဘူး
မျက်နှာမှာ ဖြူသလား မဲသလားလည်း
မကြည့်ဖြစ်သလို
ဆံပင်တွေ အရောင် ပြောင်းနေသလားလို့လည်း
မဆန်းစစ်ဖြစ်ခဲ့ဘူး
ကိုယ့်ရှေ့တည့်တည့်မှာ မှန်တစ်ချပ်ရှိနေရင်သာ
ကြည့်ဖြစ်ပေမယ့်
တကူးတက မှန်ရှေ့ရပ်ပြီး
နေ့စဉ် မှန်ကြည့်တာမျိုး
ဖီးလိမ်းပြင်ဆင်တာမျိုး လုပ်နေကျ မဟုတ်တဲ့အတွက်
ဒီခုမှပဲ ဗီယို တံခါးကို ဆွဲဖွင့်ပြီး ကြည့်ဖြစ်ပါတယ်
၅၀ ဆိုတဲ့အသက်အရွယ်ဟာ
ယောဗ္ဗနမာန် လို့ခေါ်တဲ့ ငယ်ရွယ်နုပျိုခြင်း မာန်တွေ
လုံးဝ ခဝါချရမယ့်အရွယ်ပါပဲ
ဘယ်လိုပင် နုပျိုတယ်လို့ ဆိုစေအုံးတော့
ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးအထောက်အကူကို
မဖြစ်မနေ ယူကို ယူနေရပြီလေ
အာရောဂျမာန် ရှိနေခဲ့ရင်လည်း
၅၀ ရာခိုင်နှူန်းထက် မကျော်နိုင်တော့ပါဘူး
ခက်တာက
သညာဝိပလ္လာသနဲ့ စိတ္တဝိပလ္လာသ က အားကောင်းနေတာပဲ
မည်သို့ပင်ဆိုစေ
ကိုယ့်ကိုကိုယ် အသက် ၂၀ အရွယ်လောက်ကလိုပဲ
သွားနိုင် လာနိုင် စားနိုင် သောက်နိုင် ဖြစ်ချင်နေတုန်း
သွားလည်း သွားနိုင်
လာလည်း လာနိုင်
စားလည်း စားနိုင်
စာလည်းသင်နိုင်
စာတွေလည်း ကျက်နိုင်တုန်းဆိုတော့
ငါ ဟဲ့ ဆိုတဲ့
မာန်ကလေးတော့ ရှိနေသေးတာပေါ့
အဲ့ဒီတော့လည်း
ယောဗ္ဗနမာန်က ကပ်ပါနေဆဲလေ
ပိုဆိုးတာက
ရုံးချုပ်က အပေါ်ထပ်တက်တဲ့ လှေကား ၂ ဆင့်ကို
ပြေးတက်နိုင်ခဲ့သလို မမောခဲ့တာကလည်း
ငါ သန်မာနေဆဲပဲ ဆိုတဲ့အတွေးနဲ့
အာရောဂျမာန်က တထောင်ထောင်
ဒီတော့
ဆံပင်ဖြူတစ်ချောင်း ကျွတ်ကျလာတဲ့အချိန်မှာ
အလန့်တကြားနဲ့ ဇရာကို ခြေကန်ချင်လာခဲ့တယ်
ဆင်းရဲခြင်းဆိုတာကို သတိထားမိလာတော့
တုန်လှုပ်မိတယ်
ဆံပင်တွေ မဖြူချင်ဘူး
အသားအရေတွေ မတွန့်ချင်ဘူး
အရေပြားတွေပေါ်မှာ မှဲ့မဲတွေ ပေါ်လာမှာကို ကြောက်တယ်
အို .........
ဆင်းရဲလိုက်တာ
စိုးရိမ်ခြင်း ပူပန်ခြင်း ထိတ်လန့်ခြင်းတွေနဲ့
ဇရာကို အန်တုရအုံးမှာပါလား။
ဇာတိပိ ဒုက္ခာ
ဇရာပိ ဒုက္ခာ
ဗျာဓိပိ ဒုက္ခော
မရဏံပိ ဒုက္ခံ တဲ့
ဓမ္မစကြာတရားတော်မှာပါတဲ့ တရားစာ
ဘုရားရှင်ကို
ကြည်ညိုစိတ်နဲ့သာ
ပါဠိတော်ကို ရွတ်ဆိုခဲ့တာ
အဓိပ္ပါယ်သဘောသွားတွေ
ဥာဏ်မှာ သဲသဲကွဲကွဲ ထင်ခဲ့ မြင်ခဲ့တာမှ မဟုတ်ပဲလေ။
ဇာတိဆိုတဲ့ ဘဝတစ်ခုဖြစ်ရခြင်း ဆင်းရဲတွေက
ဘာမှန်း ညာမှန်းမသိ ဖြတ်ကျော်ခဲ့ပြီးပြီဆိုတော့
ကျဉ်းကျပ်တယ် မှောင်မဲတယ်ဆိုတဲ့
ဇာတိရဲ့ ဆင်းရဲခြင်းတွေကို ထိထိမိမိ မခံစားရလို့
မသိသာ မထင်ရှားပေမယ့်
ဇရာဆိုတဲ့ ယိုယွင်းပျက်စီးခြင်းတွေကတော့
မျက်ဝါးထင်ထင် ခံစားနေရပြီလေ
လျော့ရဲတွဲကျလာတဲ့ အရေပြားတွေ
ရွှန်းလဲ့တောက်ပမှူ ဖျော့တော့နေတဲ့ မျက်လုံးတွေ
မအီမသာ ဖြစ်လာတဲ့ ခံစားမှူတွေ
တဖြေးဖြေး မှဲ့မဲတွေအဖြစ် ထွက်ပေါ်လာတော့မယ့်
အသားအရေပေါ်က အစက်အပျောက်တွေ
အော်.......
ငါအိုလာပြီဆိုတဲ့ အသိမှာ သောကတွေနဲ့.....
မအိုချင်သေးဘူးလို့ ငြင်းဆန်နေတာက ဒေါသ
ဒေါသရဲ့ နောက်မှာ တွဲပါလာတာက
လှချင်နေသေးတယ်ဆိုတဲ့ လောဘ
မအိုအောင် ဘာလုပ်ရမလဲ ဆိုတဲ့ ဝိတက်
တစ်သက်လုံး
စားချင်သလို စားလာခဲ့တာ
ခုဆို အသားအရေအတွက်
အထောက်အကူပြုမယ်ထင်တဲ့
အစားအသောက် အသီးအနှံကို
စနစ်တကျလေးနဲ့
ပိုပြီး ဂရုတစိုက် စားဖြစ်တော့မယ်။
မအိုချင်သေးလို့.....
ဇရာ ဗျာဓိ ဆိုတဲ့ တရားဘက်
ချက်ချင်းယိုင်လဲ မသွားအောင်
ကျားကန်ထားရမယ်
နုပျိုခြင်း သန်မာခြင်းတွေ ရှိနေချင်သေးလို့
ဒီကြားထဲ
ဇာတိရဲ့ အကျိုးဆက်တွေဖြစ်တဲ့
သောက ပရိဒေဝ စသဖြင့်
ကြုံခဲ့ရင် မြန်မြန်ဖြေဖျောက်ပစ်ပြီး
စိတ်ကို ထိန်းထားရမယ်
အဲ့ဒီ မီးတွေက မြန်မြန်အိုစာအောင်
လောင်မြိုက်တယ်လေ။
ကြည့်စမ်း........
အိုခြင်းဆိုတဲ့ ဆင်းရဲအတွက်
ပူပန်ကြောင့်ကြနေလိုက်တာ
မမြဲတဲ့ ရုပ်ခန္ဓာကို မြဲဖို့
ပင်ပန်းရအုံးမယ်
ပင်ပန်းခံတော့ကော
သူက မြဲမယ်တဲ့လား
မမြဲမှန်းသိနေရဲ့နဲ့
ကြိုးစားကြည့်ချင်သေးတာ
တဏှာ
ခန္ဓာကို ခင်တွယ်ပြီး
အသုဘကို သုဘလို့ ထင်တဲ့စိတ်
မမြဲတဲ့ခန္ဓာကို မြဲမယ်လို့ ထင်တဲ့စိတ်
ဒီခန္ဓာရဲ့စက်ဆုတ်စရာကိုမတွေးပဲ
စားကောင်း သောက်ကောင်း နှစ်သက်စရာတွေ
ခံစားရင်း ချမ်းသာတယ်လို့ ထင်နေတဲ့ စိတ်
ဒီခန္ဓာကိုမှီပြီး အနှစ်သာရ မရှိတာတွေကို
ခုံမင်ရင်း နစ်မျောနေရတာကိုပဲ
တန်ဖိုးရှိတယ်လို့ ထင်နေတဲ့စိတ်
အဲ့ဒါက
စိတ္တဝိပလ္လာသနဲ့ သညာဝိပလ္လာသ
အကောင်းလောကဓံတွေကိုဖက်တွယ်ရင်း
နှစ်သက်ရွှင်မြူးနေတာက လောဘ
အဆိုးလောကဓံတွေကို တွန်လှန်ရင်း
မကျေမနပ်ဖြစ်နေတာက ဒေါသ
ကောင်းမှန်း ဆိုးမှန်း မဝေခွဲပဲ
ဘာဖြစ်ဖြစ် ရင်ဆိုင်နစ်မျောနေတာက မောဟ
လောဘ ဒေါသ မောဟတွေနဲ့ ယှဉ်စပ်ပြီး
ရုန်းမထွက်နိုင်ဖြစ်ခဲ့တာပါလား
ရုပ်ခန္ဓာကို မှီပြီး
ကောင်းရာကောင်းကြောင်းလုပ်လို့
ကောင်းကျိုးရအောင်ရှာတာထက်
မကောင်းရာ မကောင်းကြောင်း မဟုတ်သော်လည်းပဲ
အသိမှား အမြင်မှားနဲ့ အတွေး မှားပြီ
ပြုမူ နေထိုင်ခြင်းက ပိုပြီး များလှပါတယ်
ဒီလို သိမြင်နေထိုင်ကြတယ်ဆိုတာ
အသိအမြင်ကို စစ်ထုတ်နိုင်တဲ့
ဥာဏ် မရှိလို့ပါပဲ
အနာဂါမ် မတည်သေးသမျှတော့
ချစ်ချင်း မုန်းခြင်းတွေအတွက်
အလုပ်ရှူပ်ကြအုန်းမယ်
အလှအပ ပကာသနတွေအတွက်
ဂုဏ်ဖော် မော်ကြွားရင်း
အလုပ်ရှူပ်ကြအုန်းမယ်
အသိ သတိနဲ့ ထိန်းနိုင်လို့
ထိန်းထားသည်ဆိုစေအုံးတော့
အကြောင်းတိုက်ဆိုင်လာခဲ့ရင်
အခံ ဓာတ်က အတိုက် ဓာတ်နဲ့ တွေ့ရင်
ယောနိသော မနသိကာရ မဖြစ်လိုက်ခင်ကလေးမှာ
ပရိယုဌာနအဆင့်ကနေ
ဝီတိက္ကမ ကိုရောက်သွားနိုင်တယ်
ဒါက ကိလေသာရဲ့ သတ္တိပဲ
အခံ ဓာတ် ရှိနေသမျှ
အကြောင်းတိုက်ဆိုင်တိုင်း
အပွင့် ဓာတ်က လာအုံးမယ်
အနုသယဆိုတာမျိုးက
အားအစွမ်းနဲ့ပြည့်စုံတဲ့
ကိလေသာ အမျိုးအစားတွေ
မဂ်နဲ့ မပယ်ရသေးရင်
အကြောင်းတိုက်ဆိုင်တိုင်း
ရုန်းကြွ လွန်ကျူးတတ်တာမျိုး
အနာဂါမ် မတည်သေးသမျှ
ဒေါသနဲ့ယှဉ်တဲ့ သောက ပရိဒေဝ ဒေါသ ဒေါမနဿ ဥပါယာသဆိုတဲ့
အကုသိုလ်တရားတွေ လာအုံးမယ်
သောတာပန်လည်း ငိုတယ်
သကဒါမ်လည်းငိုတယ်
လောဘတွေဖြစ်မယ်
လောဘ အလိုမပြည့်ရင်ငိုမယ်
ငိုတာက ဒေါသ
လောဘ ဒေါသတွေဖြစ်တယ်ဆိုတာ
ဒုက္ခသစ္စာကို မဆင်ခြင်မိလို့ ဖြစ်တာ
အရိယာပေမယ့် သမာဓိက မပြည့်စုံသေးတော့
သတိ မဝင်တဲ့အခါ ငိုမှာပဲ
တချို့ ပုထုဇဉ်တွေ သမာဓိ အားကောင်းပြီး
ဥပေက္ခာသဟဂုတ်နဲံ ပဋိသန္ဓေ နေခဲ့သူတွေက
အရိယာတွေထက် စိတ်က ခိုင်ချင် ခိုင်နေတတ်တာ
ပဋိသန္ဓေ နေခဲ့တဲ့အပေါ်မှာလည်း မူတည်တတ်တယ်
စရိုက်အပေါ်မှာလည်း မူတည်တတ်တယ်
အရိယာဖြစ်သွားပေမယ့်
ဝါသနာ စရိုက်တွေကလည်း
အထုံအလေ့ဖြစ်နေတော့
ဖြစ်လွယ်ကြတယ်
ဒါကြောင့် အပေါ်ယံကိုကြည့်ပြီးတော့လည်း
ဆုံးဖြတ်လို့မရဘူး
ဇရာရဲ့ ဆင်းရဲခြင်း အပေါ်မှသောတာပန် သကဒါဂါမ်က
သောက ဖြစ်ရင်ဖြစ်နေမယ်
ဒါပေမယ့် သောက ဖြစ်တာချင်းတူရင်တောင်မှ
အစွဲကြီးတာချင်းတော့ မတူနိုင်ဘူး
ဖြတ်တောက်တာချင်းလည်း မတူနိုင်ဘူး
သောကဖြစ်ခဲ့ရင်လည်း
အရိယာက
ခန္ဓာကို ခင်တဲ့စိတ်နဲ့ လှချင် ပချင်လို့
ပြုပြင် ထိန်းသိမ်းတာပဲရှိမယ်
ငါ့ကျမှဖြစ်ရတယ်လို့ ဟိုလူ ဒီလူတွေနဲ့ မယှဉ်ဘူး
အတွေးတွေကွာတယ် ကြံစည်တာချင်းကွာတယ်
အိုခြင်းဆင်းရဲပါလားလို့ တွေးတယ်
သမုဒယသစ္စာကြောင့် ရလာတဲ့
ဒုက္ခသစ္စာဆိုတာကို ဥာဏ်နဲ့မြင်တယ်
ပုထုဇဉ်က
ဟန်ဆောင်ပြီးနေတယ်
ဒါဘာမှမဖြစ်ဘူးလို့တွေးတာရှိမယ်
ငါ့ကျမှဖြစ်ရတယ်လို့ တွေးသူရှိမယ်
သူများတွေလည်း ဒီလိုပဲလို့
ကိုယ့်ကိုကိုယ်ဖြေသိမ့်မယ်
သူများနဲ့ နှိုင်းယှဉ်တယ်
အိုခြင်းဆင်းရဲဆိုတာ မတွေးဖြစ်အောင်
ပျော်ပျော်နေတာရှိမယ်
သို့တည်းမဟုတ်
လက်ခံပြီး အိုစာစွာ နေလိမ့်မယ်
ဒါက ဇရာကို လက်ခံ ရင်ဆိုင်တဲ့အနေအထား
ကွာခြားမှူပဲ
ဇရာဆိုတာ
ဒီနေ့နဲ့ မနက်ဖြန်ကာလလောက်ကို
သိသာထင်ရှားစွာ ပြနေတာမဟုတ်
အမှူမဲ့အမှတ်မဲ့ မေ့မေ့ပျောက်ပျောက် နေရင်း
ကာလကြာတဲ့အခါ ထင်ရှားပေါ်လွင်လို့
လက်မခံချင်ပဲ လက်ခံရတဲ့တရား
ဇာတိရဲ့အကျိုးရင်းဖြစ်လို့
မလွဲ မသွေ ကြုံတွေ့ရင်ဆိုင် ရမယ့်တရား
ဘယ်သူမပြု မိမိမှူ
ကိုယ်တိုင်က ခန္ဓာရကြောင်း ကြံခဲ့လို့ ရနေတာ
လိုချင်လို့ ရတာမဟုတ်ပဲ
မလိုချင်ပဲနဲ့ ရနေတာ
မလိုချင်တာကို မရအောင်
အားထုတ်မှူ မလုပ်ခဲ့လို့ ရတာ
မလိုချင်တဲ့ အရာတွေ ရလာမယ်ဆိုတာကို
မသိ နားမလည်ခဲ့လို့ ရတာ
မလိုချင်တာကြီး
ရနေတော့ ဆင်းရဲတာပေါ့
ဒါကြောင့် မြတ်စွာဘုရားက
ဇရာပိ ဒုက္ခံလို့ သိသာထင်ရှားစွာ
ပြတော်မူခဲ့တာ
အဲ့ဒီ ဇရာဆိုတဲ့ ဆင်းရဲက လွတ်အောင်ဆိုရင်
ခန္ဓာ မရမှဖြစ်မှာ
ခန္ဓာရရင် အို နာ သေ ဆင်းရဲက
ရနေမှာပဲ။
ခန္ဓာ မရအောင် လုပ်ဖို့က နည်းလမ်း တစ်ခုပဲရှိတယ်
မြတ်စွာဘုရားရှင် ပေးခဲ့တဲ့ နည်းလမ်း
ခန္ဓာရဲ့ ဖြစ်ချင်း ပျက်ခြင်းကို ရှူတဲ့
ဝိပဿနာ အလုပ်
ဝိ=အထူးထူ အပြားပြားသော
ပဿနာ= ရှူမှတ်ခြင်းသည်
ဝိပဿနာ မည်၏။
ဝိပဿနာအလုပ် ကြိုးကုတ် အားထုတ်ရင်း
ဗောဓိဥာဏ်ကို ရ၍
ခန္ဓာဆင်းရဲ
သံသရာဆင်းရဲမှ
လွတ်မြောက်ကြပါစေ
***တတိယမြောက်သမီးတော်***
0 comment:
Post a Comment