ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, February 1, 2014

နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ

ဒါနပြုပြု သီလ ဆောက်တည်တည် ဘာဝနာအားထုတ်ထုတ် ကိုယ်ပြုတဲ့ကုသိုလ်ကောင်းမှူသည်
နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းကို ဘယ်လိုပုဂ္ဂိုလ်တွေဆုတောင်းကြပါသလဲ။


ခန္ဓာ ဥာဏ်ရောက်သစ္စာသိပြီးသူတွေကော ဒီဆုကိုတောင်းဆိုကြသေးသလား?????
စဉ်းစားစရာကောင်းလှပါတယ်။

သစ္စာတရားကို ဥာဏ်နဲ့ပိုင်းခြားထင်ထင်သိမြင်ပြီးသူတွေအတွက်တော့ ထူးပြီးဆုတောင်းစရာမလိုတော့
ပါဘူး။ရှေ့ဆက်ပြီးအားထုတ်ချင်ရင်အားထုတ်နိုင်ပြီး အားမထုတ်ချင်တော့ရင် ဒီတိုင်းလေးနေသွား
လို့ ရနေပါပြီ။ အချိန်တန်ရင် ခန္ဓာကိုငြီးငွေ့ ပြီး အလိုလိုအားထုတ်မိမှာပါ။

သစ္စာသိပြီးသားပုဂ္ဂိုလ်က သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်တွေကိုတော့ သစ္စာသိနိုင်ကြပါစေလို့ ဆုပေးတာမျိုး
လုပ်မှာသေချာပါတယ်။

အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ငါ့ နှလုံးသားမှာ သစ္စာဆိုက်ပြီဆိုတဲ့အသိနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်ကြ
တယ်။ပြီးတော့ တခြားသူတွေလည်း ငါသိသလိုသိစေချင်လိုက်တာ ဆိုတဲ့ ဆန္ဒ အရိယာဖြစ်သွားသူတွေမှာ
ဖြစ်ပေါ်တယ်။

သစ္စာမဆိုက်သေးတဲ့သူတိုင်း ဒီဆုကိုတောင်းဆိုကြမှာအမှန်ပါ။တောင်းရကောင်းမှန်းသိရင် ဒါနပြုပြီးတိုင်း
သီလဆောက်တည်ပြီးတိုင်း ဘာဝနာ အားထုတ်ပြီးတိုင်း နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် အထောက်အပံ့သည်
ဖြစ်ပါစေ လို့ ဆုတောင်းကြတယ်။

အရိယာတွေမှာတော့ ထူးပြီးဆုတောင်းမနေတော့ပါဘူး။ လှူစရာရှိတာကိုလှူမယ် သီလကိုလည်းအထူး
တလည်ဆောက်တည်ချင်မှဆောက်တည်မယ်။သူ့ မှာက သီလအလိုလိုပြည့်ပြီးသူဖြစ်နေတော့ တမင်
တကာ ဆောက်တည်တာမျိုးလုပ်ချင်လုပ် မလုပ်ချင်နေ ပျက်စီးစရာမရှိဘူး။ဘာဝနာလည်း အားထုတ်ချင်
မှ အားထုတ်မယ် အားမထုတ်ပဲနေလည်း သူရပြီးသား ပညာက ပျက်စီးသွားစရာမရှိတော့ဘူး။
အရိယာဆိုတာ သူ့ အဆင့်နဲ့ သူ  သီလ သမာဓိ ပညာ ပြည့်စုံနေပါပြီ။ အဆင့်ဆိုတာကလည်း လူလူချင်းက
ပေးထားတဲ့အဆင့်မဟုတ်ဘူး။ ဘယ်သူမှဖြုတ်ချလို့ မရတဲ့ ဘုရားပေးတဲ့ အဆင့် တရားက ပေးတဲ့အဆင့်။
ကျသွားစရာမရှိဘူး။ တက်စရာပဲရှိတယ်။အဲ့ဒီ အဆင့်တွေရဖို့ ငွေနဲ့ဝယ်လို့ မရဘူး။ ဂုဏ်နဲ့ဝယ်လို့ မရဘူး။
အတန်းပညာနဲ့ဝယ်လို့ မရဘူး။ သစ္စာသိတဲ့ဥာဏ် က အဲ့ဒီအဆင့်ကို သူ့ အလိုလိုဆိုက်ရောက်သွားတယ်။
ရောက်နေပြီးသားလူက ရောက်ပါရစေလို့ ဆုတောင်းစရာမလိုတော့ပါဘူး။ရှိပြီးသားကို တောင့်တစရာမလို
တော့တာပါ။ မရှိသေးတဲ့သူ မရသေးတဲ့သူတွေပဲ ဒီလိုဆုကိုတောင်းကြမှာဖြစ်ပါတယ်။


အဲ့ဒီလိုသီလ သမာဓိ ပညာ ပြည့်စုံတဲ့အရိယာကို လှူဒါန်းခြင်းက ပိုပြီးအကျိုးထူးတယ်လို့ ဆိုထားပြီးဖြစ်
ပါတယ်။သူလို ပုဂ္ဂိုလ်ကိုလှူဒါန်းမှူပြုပြီး သူပေးတဲ့ ဆုကိုယူရရင် ပိုပြီး အကျိုးပေးကောင်းလာမှာပါ။

တရားအားထုတ်နေပြီး တရားရတယ်မရဘူးဆိုတာကို သိနိုင်တဲ့ အသိပညာလေးတော့ရှိဖို့ လိုပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်က မာနတ်မင်းဆိုတဲ့မင်းတစ်ပါးဟာ ဗဟုသုတ
နည်းပါးလေတော့ သူ့ ကိုယ်သူ သောတာပန်တည်မှန်းလည်းမသိဘူး။စစ်ရေးလေ့ကျင့်နေတဲ့အနားကို
ရောက်သွားပြီး ထိတ်လန့် မိတော့ မြတ်စွာဘုရားရှင်ကိုသွားလျှောက်ပါတယ်။

အရှင်ဘုရား ထိတ်လန့်နေတဲ့အချိန်မှာများ ကံကုန်သွားရင် တပည့်တော်ဟာ ဗရမ်းပတာဘေးများကျရောက်အုံးမလားလို့  တွေးပြီးစိုးရိမ်မိတယ်လို့  လျှောက်ပါတယ်။

မြတ်စွာဘုရားရှင်က အသင်မင်းကြီး တရားအားထုတ်ရင်း ငြိမ်းအေးသွားတာကိုမြင်တွေ့ခဲ့တယ်
မဟုတ်လား

မှန်လှပါဘုရား တပည့်တော်ငြိမ်းအေးသွားတာကိုမြင်တွေ့ ခဲ့ပါတယ်

မင်းကြီး သင်မင်းကြီးရဲ့သဏ္ဍန်မှာငြိမ်းအေးခြင်းကိုတွေ့ ခဲ့ပြီးဖြစ်လို့  သင်မင်းကြီးကံကုန်ခဲ့ရင်
ထောပတ်အိုးရေထဲကျသလိုဖြစ်ပါလိမ့်မယ်။အိုးခြမ်းကွဲတွေကတော့ ရေမှာမြုပ်ရမှာပေါ့။ထောပတ်ကတော့
ပေါ်မျှောမျှောမယ် ။ရေထဲကိုမြုပ်သွားမှာမဟုတ်ဘူး။ သင် မင်းကြီးရဲ့ခန္ဓာကိုတော့ မြေမြုပ်ရမှာဖြစ်ပေမယ့်
သင်မင်းကြီးရဲ့ သံသရာက ပေါ်မျှောမျှောပါလိမ့်မယ် ။ဗရမ်းဗတာဘေး သင့်စရာမရှိတော့ဘူးလို့ 
မြတ်စွာဘုရားက ဆိုပါတယ်။

ဒါကြောင့် သောတာပန်တည်တယ်ဆိုတာ ဘယ်လိုလေးပါလိမ့် လို့ လဲ လေ့လာထားသင့်ပါတယ်။
နာမ်နဲ့ရုပ် ကို ဥာဏ်နဲ့ ပိုင်းခြားထင်ထင်သိမြင်ရမှာဖြစ်ပြီး။ခန္ဓာကိုယ်က ပေါ့ပါးနေမှာဖြစ်ပါတယ်။
လမ်းလျှောက်ရင် ခြေဖနောင့်က ကြမ်းခင်းနဲ့မထိတော့ပါဘူး။

ဒီလိုဆိုတော့ အရိယာ အတုအယောင် ဖြစ်တဲ့ ပုထုဇဉ်တွေက လမ်းလျှောက်ရင် ခြေဖနောင့်ကြမ်းခင်းနဲ့
မထိဘူးဆိုတာကို လေ့လာပြီး ခြေဖျားထောက် လမ်းလျှောက်ကြတယ်။ ဒီလိုမဟုတ်ပါဘူး။
သောတာပန် ခြေဖနောင့် ကြမ်းနဲ့မထိဘူးဆိုတာ ခြေဖျားထောက်ပြီးလမ်းလျှောက်နေတာမဟုတ်ဘူး။
တရားရဲ့အရသာဆိုတာ တကယ်တရားရတဲ့သူမှ သိပါတယ်။စာတွေ့နဲ့ လေ့လာပြီး အတုအယောင်ပြုလို့ 
အစစ် မဖြစ်နိုင်ပါဘူး။တရားစစ်တရားမှန်ကိုရတဲ့သူဟာ သိတ်ကိုပျော်တဲ့သူပါ။ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရ
အောင် ပျော်ကြတယ်။ သစ္စာတရား ငါ့နှလုံးသားမှာဆိုက်ရောက်ပြီ ဆိုတဲ့အသိဟာ ဘယ်လို အရာကိုရတာနဲ့
မှ မတူပဲ အပျော်ကြီးပျော်ကြတယ်။သရက်သီးရဲ့အရသာချိုတယ်လို့ လွယ်လွယ်ပြောကြပေမယ့် ဘယ်လို
ချိုတာလဲဆိုတာကို ဖေါ်ပြဖို့ ခက်သလို ပါပဲ သကြားချိုချိုသလား ထန်းလျှက်ချိုချိုသလားဆိုတာ ဖြေလို့ မရ
ပြန်ပါဘူး။ ကိုယ်တိုင် အရသာကိုခံစားကြည့်မှသာ အရသာအမှန်ကိုသိနိုင်မှာဖြစ်ပါတယ်။အရသာထူးကို
သုံးဆောင်ဖူးသူက သိတ်ကောင်းတယ် သုံးကြည့်လို့ ဆိုကြမှာဖြစ်ပြီး။ မသုံးဆောင်ဖူးသူက သိတ်ကောင်း
တယ်ဆိုပဲ သုံးဆောင်ဖူးချင်တယ်လို့  ဖြစ်ကြပါတယ်။

အဲ့ဒီလိုအရသာထူးကိုရယူထားပြီးသူက ခံစားဖူးရပါစေလို့ ဆုမတောင်းတော့ဘူး။တခြားသူတွေကို တော့
သိတ်ကောင်းတဲ့အရသာထူးကို ခံစားဖူးရအောင် ခံစားခွင့်ရအောင်ကြိုးစားပါလို့ ပဲ တိုက်တွန်းတော့တယ်။


ဒါကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အတွက် အထောက်အပံ့ကောင်းသည်ဖြစ်ပါစေဆိုတာ
အရိယာ မဖြစ်သေးသူများတောင်းတဲ့ ဆုပါ။ အရိယာ ဖြစ်ပြီးသူများက ပုထုဇဉ်တို့ ကို ဖြစ်စေချင်တဲ့ ဆုတစ်ခုပါ ဆိုတာ ဗဟုသုတ တစ်ခု အဖြစ် မျှဝေပါတယ်။

နိဗ္ဗာန်၏ ထူးကဲသော အရသာကို စစ်မှန်စွာ ခံစားနိုင်ကြပါစေ


                                *****တတိယမြောက်သမီးတော်*****

0 comment: