တို့တစ်တွေ နိဗ္ဗာန် မရောက်အောင်ကန့်ကွက်နေတဲ့ အကြောင်းတရားသုံးမျိုး ရှိပါတယ်။
တရားပြီးဆုံးအောင်မနာကြားမှူရယ်။ အပေါင်းအသင်းမှားယွင်းမှူရယ်။ တရားဟောဆရာ ညံဖျင်းမှူရယ်။
တရားကိုဆုံးခန်းတိုင်အောင်မလေ့လာမလိုက်စားရင်လည်း နိဗ္ဗာန်မရောက်ပဲ ပုထုဇဉ်ဘ၀ နဲ့သေသွားတတ်
တာပါပဲ။ အပေါင်းအသင်းမှားရင်လည်း ဒီအတိုင်းပဲရှိမယ်။ တရားဟောတဲ့ဆရာ တရားပြတဲ့ဆရာညံဖျင်းနေ
ပြန်ရင်လည်း သောတာပန်တည်နိုင်တဲ့ပါရမီ မျိုးစေ့ရှိနေပေမယ့် သောတာပန် မတည်လိုက်နိုင်ဘူး။
ဒါကြောင့်မြတ်စွာဘုရားရှင်က" ယထာဘူတံ ဥာဏံယသတ္တံပရိယေသိတဗ္ဗော=ဟုတ်တိုင်းမှန်စွာ သိ
အောင်ပြောပြတတ်တဲ့ ဆရာမျိုးရအောင်ရှာရမယ် "လို့ မိန့်တော်မူပါတယ်။ ဆရာကောင်းရှာဖို့ ရာ သိတ်
အရေးကြီးတဲ့အတွက်ထပ်ခါထပ်ခါ မိန့်မှာတော်မူခဲ့တာပါ။
မြတ်စွာဘုရားဟောကြားရာမှာ ကထာ ၆ ချက် ဆိုတာရှိပါတယ်။ ရှေ့ ပိုင်း ကထာ ၃ ချက်က ဒါန ကထာ
သီလကထာ သဂ္ဂကထာ တဲ့ ။ နောက်ပိုင်းမှာ ကာမာနံအာဒီန၀ကထာ။နေက္ခမ္မကထာ။သစ္စကထာ လို့ 
၃ ချက်ဟောပါတယ်။ ရှေ့ပိုင်းမှာ ဒါန သီလ နတ်ပြည်ရောက်ကြောင်းဟောပြီး နောက်ပိုင်းမှာ ကာမဂုဏ်
ငါးဖြာ အာရုံတွေရဲ့ စက်ဆုပ်ရွံရှာဖွယ် အပြစ်တွေဟောတဲ့  ကာမာနံအာဒီန၀ကထာ အဲ့ဒီ ကာမဂုဏ်က
နေလွတ်မြောက်အောင် ဟောတဲ့ နေက္ခမ္မကထာ သစ္စာတရားဟောတဲ့ သစ္စကထာပေါ့။
နောက်ဆုံးမှဟောတာက သစ္စကထာ " ခန္ဓာ ဥာဏ်ရောက်ဘယ်လောက်ကျင့်ကျင့် သစ္စာမြင်မှနိဗ္ဗာန်ဝင်ပါ
တယ်။ သစ္စာသိမှ နိဗ္ဗာန် သိပါတယ်။ ဒါကြောင့်သစ္စာလေးချက်ကို နားလည်အောင်လို့  သစ္စာ ကထာကို
ဟောရပါတယ်။
ကထာ ၆ ပါးမှာ ဒါန ကထာ သီလကထာ သဂ္ဂ ကထာ ဆိုတာတွေက ကံတရားပါ။ ကျန်တဲ့ သုံးပါးက ဥာဏ်တရားပါ။ ကာမာနံအာဒီန၀ကထာက သံဝေဂ ဥာဏ်။ နေက္ခမ္မ ကထာက ၀ိပဿနာဥာဏ်။
သစ္စကထာက မဂ်ဥာဏ် ဖြစ်ပါတယ်။ ကထာ ၆ ပါးကိုကံတရားနဲ့ ဥာဏ်တရားလို့  နှစ်မျိုးခွဲနိုင်ပါတယ်။
သတ္တ၀ါတွေ "နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရပါစေ" လို့ တတွတ်တွတ် ဆုတောင်းနေပါလျှက်နဲ့ မရခြင်းဟာ
တရားဆုံးအောင်မနာလို့ ပါ။ ရှေ့ ကထာသုံးပါး ကံတရားနဲ့ တင် ရပ်နေပြီး နောက်ကထာတွေကို မနာခဲ့လို့ 
နိဗ္ဗာန်မရတာပါ။
တို့ တစ်တွေ ရှေးဘုန်းရှေးကံရှိလို့  ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန်တွေနဲ့ 
တွေ့ နေရတယ်။ ခန္ဓာဥာဏ်ရောက်ဝိပဿနာ အလုပ်တွေလည်းလုပ်နေကြတယ်။ ဒိဋ္ဌိဖြုတ်တရားတွေ
လည်း နာကြားနေကြတယ်။ ဒီကြားထဲက နတ်ကတော်နဲ့လည်းမကင်းဘူး။ ဘိုးတော်နဲ့လည်းရောတယ်။
ဗေဒင်ဆရာနဲ့လည်းပေါင်းလိုက်တာပဲ။ အပေါင်းအသင်းမှားရင်လည်း တရားထူးမရနိုင်ပါဘူး။
နောက်တစ်ခုက တရားဟောဆရာ ညံ့ရင်လည်း တရားထူးမရဘူးတဲ့ ။အဲ့ဒါကို သာဓက လေးတစ်ခုနဲ့
ပြောပြသွားပါမယ်။
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဆွမ်းခံပြန်ချိန်မှာ ဓနဉ္စာနီပုဏ္ဏားကြီး ဆီသွားပြီး"အသင်ပုဏ္ဏားကြီး
မမေ့မလျော့တဲ့အကျင့် ခန္ဓာဥာဏ်ရောက် အကျင့်များ ကျင့်ပါသလား" လို့ မေးတော့ ပုဏ္ဏားကြီးက
"တပည့်တော် အလုပ်တွေနဲ့မအားလို့  မကျင့်မိပါဘုရား " လို့ လျှောက်သတဲ့ ။ ဒီလိုနဲ့ ပုဏ္ဏားကြီး
အိုမင်းမစွမ်းအရွယ်မှာ သေလုမျောပါး ရောဂါဝေဒနာ ခံစားပြီး အိပ်ယာထဲ လဲနေတဲ့ အချိန်မှာ အရှင်မြတ်
ကြီးကိုပင့်ခိုင်းလို့  အရှင်မြတ်ကြီးရောက်လာပြီး ပုဏ္ဏားကိုကြည့်လိုက်တော့ အခြေအနေ မဟန်တော့ဘူး။
ဒီအတိုင်းသာတရားအားမထုတ်ပဲ သေသွားရင် အပါယ်ငရဲကျတော့မှာအမှန်ပဲ ဆိုပြီး ကရုဏာဖြစ်တော်မူ
ရှာတယ်။
အဲ့ဒီတော့အပါယ်လေးပါး ကျရောက်ရတာနဲ့စာရင် လူ့ ပြည်မှာလူဖြစ်ရတာက တော်သေးတယ်လို့ 
တွက်ပြီး ပုဏ္ဏားကြီးလူပြန်မဖြစ်ချင်ဘူးလားလို့  မေးတော့ ဖြစ်ချင်ပါတယ် ဘုရားတဲ့ ။ ဖြစ်ချင်ရင်ဒါန
သီလ လုပ်ရမယ်။ လူ့ပြည်ထက်ကောင်းတာမရှိတော့ဘူးလားဘုရားလို့  ပုဏ္ဏားကြီးကမေးတော့
ရှိတယ် လူ့ ပြည်ထက်ကောင်းတဲ့ နတ်ပြည်ရောက်ချင်ရင်တော့ ကုသိုလ်ကောင်းမှူ များများလုပ်ရမယ်။
ဆိုတော့ ပုဏ္ဏားကြီးက နတ်ပြည်ထက်ကောင်းတာ မရှိတော့ဘူးလားဘုရား။ရှိတာပေါ့ ဗြဟ္မာ့ပြည်ရှိသေး
တယ် ဗြဟ္မာ့ပြည်ရောက်ချင်ရင် မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ များများ
ကျင့်သုံးပေတော့ လို့ ဟောကြားပြီးတော့အရှင်မြတ်ကြီး ကျောင်းကို ပြန်ကြွခဲ့ပါသတဲ့ ။
ကျောင်းကိုရောက်တော့ ဘုရားရှင်က" ဘယ်တရားများဟောခဲ့ပါသလဲ" လို့ မေးတော်မူတယ်။
ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီးကျင့်ဖို့ ဟောခဲ့ပါတယ် ဘုရားလို့  ပြန်ဖြေတယ်။
အဲ့ဒီမှာမြတ်စွာဘုရားက" ချစ်သား ဘာကြောင့် ဒီတရားဟောခဲ့တာလဲ ဒီအချိန်မှာ ပုဏ္ဏားကြီးကို ခန္ဓာ
ဥာဏ်ရောက် ၀ိပဿနာ တရားဟောရင် ဖြစ်ပျက်မြင်မုန်းဆုံးပြီးတော့ သောတာပန်တည်နိုင်တဲ့ ပါရမီ
မျိုးစေ့ ပုဏ္ဏားကြီးမှာရှိနေတယ် "လို့ မိန့် တော်မူတယ်။
လူတစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူညီ သလို ဣနြေ္ဒအနုအရင့်လည်းကွာခြားကြတယ်။
လူတွေ တစ်ဦးချင်းရဲ့စရိုက် ဣနြေ္ဒ အနုအရင့်ကို ဘုရားရှင်များသာ သိတော်မူနိုင်ကြပါတယ်။
ဣနြေ္ဒ ရင့် မရင့်ကိုသိတဲ့ ဥာဏ် ။တရားထူးရနိုင် မရနိုင် သိတဲ့ဥာဏ်က ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်တဲ့ ။
သတ္တ၀ါတွေရဲ့ကိလေသာ အထူအပါးကို သိတဲ့ဥာဏ်က အာသယာနူသယဥာဏ်တဲ့ ။ ဒီဥာဏ်တော်
နှစ်ပါးဟာ မြတ်စွာဘုရားရှင်များသာ ရနိုင်တဲ့ဗုဒ္ဓစက္ခု တွေဖြစ်ပါတယ်။
မေတ္တာကရုဏာမုဒိတာဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ်တရားဟာ သမထ သာဖြစ်ပါတယ်။သမထ ဖြစ်တဲ့
အတွက် "ကိလေသေ သမေတီတိ သမထော" ဆိုတဲ့အတိုင်း လောဘ ဒေါသ မောဟ စတဲ့ ကိလေသာ
တွေ ထိုက်သင့်သလောက်ဝေးအောင်လုပ်နိုင်ပါတယ်။
ဝိပဿနာ မဂ်ကတော့ " ကိလေသာ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ" ကိလေသေကိုပယ်သတ်ပြီး
တော့နိဗ္ဗာန်ရောက်အောင်ပို့ဆောင်ပေးနိုင်ပါတယ်။ သမထ က ကိလေသာကိုတားရုံပဲ တားနိုင်ပြီး။
ဝိပဿနာက အမြစ်ပြတ်ပယ်သတ်နိုင်ပါတယ်။ ဥပမာ နဲ့ပြောရရင် အနာပေါက်တဲ့အခါ သက်သာအောင်
ကုသပေးတဲ့  ဆရာနဲ့  ပျောက်အောင်ကုတဲ့ ဆရာလို ကွာခြားတာပေါ့။ ဒါကြောင့် သမထ ထက် ၀ိပဿနာ ကမြင့်မြတ်တဲ့အတွက် " အမြတ်ဆုံးကျင့်စဉ်။နိဗ္ဗာန် မြင်" လို့  ပြောရတာပါ။
မြတ်ဗုဒ္ဓမိန့် ကြားတာ နာယူလိုက်ရတော့မှ အရှင်သာရိပုတ္တရာ သဘောပေါက်သွားပြီး ပုဏ္ဏားကြီး ကို
ဝိပဿနာ တရားသွားဟောဖို့ ခွင့်တောင်းတဲ့အခါ မြတ်စွာဘုရားက ချစ်သားနောက်ကျသွားပြီ
ပုဏ္ဏားကြီး ကံကုန်သွားပါပြီ တဲ့ ။
အရှင်သာရိပုတ္တရာက အော် အရိယာ ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်ကြီး ဗြဟ္မာခန္ဓာ ဗြဟ္မာဒုက္ခ ခံနေရပါရောလား
ငါသွားကယ်ဦးမှပဲ ဆိုပြီး ဗြဟ္မာ့ပြည်တက်ပြီးတော့ ၀ိပဿနာ ခန္ဓာဥာဏ်ရောက်တရားကိုဟောပေးရပါ
တယ်။
သမထ ပွားများလို့ သမာဓိကောင်းကောင်းရနေတဲ့  ဗြဟ္မာကြီး ဟာ ခန္ဓာ ဥာဏ်ရောက် တရားနာကြားရင်း
နဲ့ နားက တရားနာ ဥာဏ်က ခန္ဓာလှည့်လိုက်တော့ ခန္ဓာဖြစ်ပျက်က ဒုက္ခသစ္စာ။ သိတဲ့ဥာဏ်က မဂ္ဂသစ္စာ။
သေသွားတဲ့ကိလေသာတွေက သမုဒယ သစ္စာ။ သမုဒယ တို့ ရဲ့ ချုပ်ရာငြိမ်းရာက နိရောဓ သစ္စာ ဆိုပြီး
သစ္စာလေးချက်ဆိုက်ပြီး သောတာပန်တည်သွားပါတယ်။
ဒါကြောင့်တရားဟောဆရာ ညံ့ဖျင်းရင်လည်း နိဗ္ဗာန် မရောက်နိုင်ပါဘူး။နိဗ္ဗာန် မရောက်အောင် ကန့် ကွက်
တဲ့ တရား သုံးချက်ကို လွန်မြောက်ပြီး ခန္ဓာဥာဏ်ရောက် အမြတ်ဆုံးကျင့်စဉ်ကိုကျင့်သုံးနိုင်ရင် နိဗ္ဗာန်
ရောက်နိုင်ပါတယ်။
မေတ္တာဗြဟ္မစိုရ် သမထ ကျင့်စဉ်တွေထက် အမြတ်ဆုံးကျင့်စဉ်ဖြစ်တဲ့ခန္ဓာဥာဏ်ရောက် ၀ိပဿနာ ကိုကျင့်
ကြံအားထုတ်ခြင်းဖြင့် အမြတ်ဆုံးမင်္ဂလာနိဗ္ဗာန်ကြီး ရရှိနိုင်ကြပါစေ။
(ဓမ္မရံသီဆရာတော်၏ လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
0 comment:
Post a Comment