ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, September 19, 2016

အလှုရှင် ဂုဏ်ပြုလွှာ


                                                                                                                                                                                                                                  တော်သလင်း လပြည့်နေ့ အမေက ပုဗ္ဗာရုံကျောင်းတိုက်ကို
သွားပြီး ဥပုပ်စောင့်ပါတယ်။ ဥပုပ်ကျောင်းကပြန်လာတော့
အရင်တပတ်က ဆွမ်းအလှုအတွက် အလှုရှင်ဂုဏ်ပြုလွှာ
ပေးလိုက်တဲ့အကြောင်း ဂုဏ်ပြုလွှာတွေ မပေးဖို့ သေချာ
မှာထားပါလျက်နဲ့ ပေးဖြစ်အောင်ပေးလိုက်လို့ ယူလာရတယ်
ဆိုပြီး အလိုမကျသံနဲ့ပြောပြပါတယ်

ဒီတော့ သမီးတော်က အမေ ဘာကြောင့် ဂုဏ်ပြုလွှာကို
မလိုချင်တာလဲလို့ မေးလိုက်တော့ အိမ်မှာဂုဏ်ပြုလွှာတွေ
အများကြီးရှိနေပြီ မလိုအပ်ဘူး ရှုပ်တယ် တဲ့။ အမေရယ်
ဂုဏ်ပြုလွှာကို ထုတ်ပေးတဲ့သူက ထုတ်ပေးတာပဲ ဝမ်းမြောက်
ဝမ်းသာနဲ့ ယူလာခဲ့ပါ။ သိမ်းထားလိုက်ပေါ့။ အိမ်မှာထားစရာ
နေရာမရှိတာမှမဟုတ်တာ။ သိမ်းထားပြီး အမေ အားတဲ့အခါ
စိတ်ကူးရတဲ့အခါ ဂုဏ်ပြုလွှာလေးတွေ ထုတ်ကြည့်ပြီး
အော် ငါတိုဖြင့် ဘယ်တုန်းက ဆွမ်းအလှုလေး လုပ်ခဲ့တာ
ဘယ်တုန်းကတော့ဖြင့် ကျောင်းဆောင်အတွက် အလှုလုပ်ခဲ့တာ
ဘယ်တုန်းကတော့ဖြင့် သာသနာ့မြေ အလှုလေးလှုခွင့်ရခဲ့တာလို့ 
ဂုဏ်ပြုလွှာလေးတွေကြည့်ပြီး ပီတိဖြစ်လိုက်ပေါ့။
ဒါဟာ အပရာစေတနာပဲ အမေ။ ကိုယ်ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုကို
ပြန်လည်အောင့်မေ့ပြီး ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်လိုက်တာဟာ
ကုသိုလ်ပွား တယ်လို့ခေါ်ပါတယ်။ အမေလှုခဲ့တာတွေအများကြီးပဲ
ဒီအတိုင်းပြန်စဉ်းစားရင် အကုန်လုံးကို ဘယ်မှတ်မိပါ့လဲ။
ဂုဏ်ပြုလွှာလေးထုတ်ကြည့်တော့ အလှုတွေအားလုံးကို
မှတ်လည်းမှတ်မိတယ်။ အလှုတွေအများကြီးလှုခဲ့ဖူးတာကို
ဝမ်းမြောက်ကြည်နူးခွင့်ရမယ်။
နောက်ဆိုရင် အလှုတစ်ခု ပြုပြီးတိုင်း ဂုဏ်ပြုလွှာထုတ်ပေးတာကို
ဝမ်းသာအားရလက်ခံခဲ့ပါ။ သေသေချာချာ သိမ်းထားပြီး သတိရတဲ့
အခါပြန်ထုတ်ကြည့်ပါ။ သူများတွေပြောကြတာရှိတယ် တို့က
အလှုကိုပြတ်ပြတ် သားသားလှုတာ ဘာကမ္ဗည်းမှမထိုးဘူး။
ဘာဂုဏ်ပြုလွှာမှ မယူဘူး။ ကိုယ့်စိတ်ကပြတ်သားရင်ကုသိုလ်ရတယ်။ ဂုဏ်ဖေါ်ပြီးထုတ်ပြောစရာမလိုဘူးလို့ ပြောတတ်ကြတဲ့သူတွေ ရှိတယ်။
အဲ့ဒီစကားကို အမှန်မယူပါနဲ့အမေ။ အလှုတစ်ခုကို လှုပြီးတဲ့အခါ
ရေစက်လည်းချပါ။ အမျှလည်းဝေပါ။ ကိုယ်လှုတယ်ဆိုတာ
သူတစ်ပါးကိုလည်း အသိပေးပါ။ မုဒိတာစိတ်နဲ့ သာဓုခေါ်ကြရင်
သူတို့လည်း ကုသိုလ်ရကြတယ်။ ဒီလိုသူတစ်ပါးတွေကိုပါ အသိပေး
အမျှဝေတာ *ပရဟိတ အလှု* ပါ အမေ ။ ကိုယ့်ဘာသာလှုတာ
ကိုယ်ကုသိုလ်ရတယ် ဘယ်သူမှ သိစရာမလိုဘူး ဆိုရင်
ကိုယ်တစ်ယောက်ထဲပဲ ကုသိုလ်ရတာမို့ *အတ္တဟိတ အလှု* ပါတဲ့။
ဂုဏ်ပြုလွှာလေးတွေရလာရင် လူုမြင်အောင် ချိတ်ထား။
အသိမိတ်ဆွေတွေလာလို့ တွေ့တော့ ဝမ်းမြောက်ဝမ်းသာ
သာဓုခေါ်သွားရင် သူတို့လည်းကုသိုလ်ရတယ်။
မကောင်းတဲ့စိတ်နဲ့ မြင်ပြီး ကြွားတယ်လို့ထင်ရင်လည်း
သူ့သဘောပေါ့ အမေရယ်။

တချို့  အုတ်တံတိုင်းတွေမှာ အလှုရှင်တွေနာမည် ထိုးထားတယ်။
အသိမိတ်ဆွေတွေ ဆွေမျိုးတွေက တွေ့တဲ့အခါ နာမည်တွေဖတ်မိပြီး 
ဝမ်းသာဂုဏ်ယူကြတယ်။ ဒါက မုဒိတာစိတ်မို့ ကုသိုလ်ဖြစ်တယ် အမေ။

တခါက ပြိတ္တာကြီးတစ်ကောင်ဟာ ပြိတ္တာတို့ရဲ့ ထုံးစံအတိုင်း
ဆင်းဆင်းရဲရဲနဲ့ နေစရာ စားစရာ လိုက်ရှာတယ်။သွားရင်းလာရင်း
ရေဆာလာလို့ ရေလိုက်ရှာတော့ ရေအိုးစင်လေးတစ်ခုကိုတွေ့တယ်။
အဲ့ဒီလမ်းဘေး ရေအိုးစင်လေးမှာ ကမ္ဗည်းထိုးထားတဲ့ နာမည်လေးတွေ
ဖတ်ကြည့်တော့ သူ့သားသမီးတွေ မြေးတွေဖြစ်နေတယ် တဲ့။
အော် ငါ့သားသမီးတွေ မြေးတွေ ကုသိုလ်လုပ်ထားတဲ့ ရေအိုးစင်ပါလားလို့
တွေးပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်တာ ပြိတ္တာဘဝက
ကျွတ်လွတ်တယ်တဲ့။ ဒါကြောင့် လမ်းဘေး ရေအိုးစင်လေးမှာ
ကမ္ဗည်းထိုး တာက အစ အကျိုးသက်ရောက်မှု နည်းတယ်လို့
မထင်လိုက်ပါနဲ့။ အလှုတစ်ခုလုပ်တိုင်း ကမ္ဗည်းထိုးစရာရှိထိုးပါ။
ဂုဏ်ပြုလွှာယူစရာရှိယူပါ။ ရေစက်ချလို့လည်း အမျှဝေပါ။

သမီးတော်က စကားတွေမနားတမ်းပြောတာကို အမေက ငြိမ်ပြီး
နားထောင်ပါတယ်။ တရားစခန်းတွေ အကြိမ်ကြိမ်ဝင်ခဲ့ဖူးတဲ့အမေဟာ ဒါနနဲ့ပတ်သက်တဲ့တရားတွေလည်း နာကြားခဲ့ရမှာပါပဲ။ သို့သော်လည်း
အသက် ၆၀ ကျော်ပြီးမှ တရားစခန်း ဝင်ဖူးတာဖြစ်လို့ တရားတော်များ
နာကြားရာမှာ အာရုံတွေပျံ့လွှင့်နေတာမျိုးလည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။
ဥာဏ်ရည် ထက်မြက်တဲ့အချိန် အာရုံစူးစိုက်နိုင်စွမ်းအား ပြည့်ဝတဲ့အချိန်က
တရားတော်များကို ရင်းနှီးစွာနာကြားခွင့်လည်း မရခဲ့သူမို့ စိတ်မကောင်းလည်း
ဖြစ်မိပါတယ်။ အဆင်မပြေတဲ့ သားအတွက် ပူပန်ရ၊ မြေးလေးတွေကို
စိတ်မချတာနဲ့ပဲ တရားစခန်းရောက်အောင်သွားဖို့ တော်တော်ကြီးကို 
တွန်းအားတွေပေးခဲ့ရတာပါ။ ခုချိန်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ 
တရားတော်များကို နာကြားတတ်နေပါပြီ။ ပဋိစ္စသမုပ္ပဒ်ကိုလည်း
ထိုက်သင့်သလောက် နားလည်နေပါပြီ။ စူးစိုက်နိုင်တဲ့ ဥာဏ်အားနည်းပြီး
ခန္ဓာကိုယ်ကြီးက မလိုက်နိုင်တဲ့အတွက် တရားထိုင်တဲ့အခါမှာတော့
ထင်သလောက် ခရီးမပေါက်နိုင်ဘူးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အလှုရှင်ဂုဏ်ပြုလွှာလေးကို အကြောင်းပြုလို့
တော်သလင်းလပြည့်နေ့မှာ အမေ့ကို ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။
တိမ်နေတဲ့ အသိဥာဏ်ကိုတူးဖေါ်ပေးလိုက်တယ်။
နိမ့်နေတဲ့ အသိဥာဏ်ကို မြင့်တင်ပေးလိုက်တယ်။
ကောက်ကွေ့တဲ့ အသိဥာဏ်ကို ဖြောင့်မတ်အောင်တည့်ပေးလိုက်တယ်။
မှားယွင်းနေတဲ့ အသိဥာဏ်ကို မှန်ကန်အောင် လမ်းကြောင်းပေးလိုက်တယ်။
မှောင်နေတဲ့ အသိဥာဏ်ကို အလင်းရောင်ရအောင်ထွန်းညှိပေးလိုက်တယ်။
မိမိစွမ်းနိုင်သလောက်နဲ့ အမေ့ကို ဓမ္မဒါနပြုလိုက်ပါတယ်။
ဒီလိုတရားဓမ္မလေ့လာဖို့ စိတ်အားသန်ခဲ့တာလည်း အဖေ့ရဲ့ကျေးဇူး
တွေပါ။ အဖေ့ကျေးဇူးနဲ့ တရားဓမ္မတွေကို စိတ်ဝင်စားခဲ့တယ်။
ဆရာဘုန်းဘုရားရဲ့ ကျေးဇူးနဲ့ သစ္စာတရားတွေ အထိုက်အလျှောက်
နားလည်သိရှိခဲ့တယ်။ တခြားသောဆရာတော်ကြီးများရဲ့ တရားတော်
များနာကြားမှတ်သားခဲ့လို့လည်း ဗဟုသုတများစွာရရှိခဲ့ပါတယ်။
တရား အသိကို မြင့်တင်ပေးခဲ့သော ကျေးဇူးရှင်များအားလုံးကို
ဂါရ၀ပြုပါတယ်ရှင်။
အနန္တကျေးဇူးရှင် အမေ အသိဥာဏ်တွေထွန်းလင်းတောက်ပ
ဖြောင့်မတ် မှန်ကန်ပါစေ။ သစ္စာသိသောဥာဏ်ကို ရပါစေ။


သဗ္ဗေသတ္တာ သုခိအတ္ထာနံ ပရိဟာရန္တု။


*****တတိယမြောက်သမီးတော်*****

0 comment: