ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, July 27, 2017

နိဗ္ဗာန်ဆိုတာ ရိုးသားမှုရဲ့ဆုလာဒ်*****


·
နိဗ္ဗာန်ဆိုတာ ရိုးသားမှုရဲ့ဆုလာဒ်*****

နိဗ္ဗာန်ကိုဝင်စံကြတဲ့ပုဂ္ဂိုလ်များဟာ
ရိုးသားကြတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုထား
ပြီးတဲ့အရိယာများကလည်းရိုးသားကြတယ်။
ရိုးသားလို့လည်း အဂတိလိုက်စားခြင်းကို
မပြုတော့တာပေါ့။


မချစ်ပဲချစ်တယ်လို့မပြောဘူး။
မမုန်းပဲမုန်းတယ်လို့မပြောဘူး။
မသိပဲသိတယ်လို့မပြောဘူး။
မကြောက်ပဲကြောက်တယ်လို့မပြောဘူး။
ကိုယ်ချစ်ခင်တဲ့သူမို့လို့မှားနေတာကို
မှန်တယ်လို့ဘက်မလိုက်ဘူး။
ကိုယ်မုန်းနေတဲ့သူမို့လို့ မှန်နေမှန်းသိရဲ့နဲ့
မှားတယ်လို့ချောက်မချဘူး။
ကိုယ်မသိတဲ့ကိစ္စကိုသိချင်ယောင်မဆောင်ဘူး။
ကြောက်လန့်ပြီးတော့လည်းမဟုတ်တာကို
အဟုတ်လုပ်ပြီးမပြောတော့ဘူး။
အဲ့ဒီလိုရိုးသားကြတယ်။ဒါအရိယာဖြစ်သွားရင်
စိတ်ဓာတ်က ခိုင်မာသွားတယ်။ ချစ်ချင်းမုန်းခြင်း မသိခြင်း ကြောက်ခြင်းတွေ ကြောင့်တော့ ပြောင်းလဲမှာမဟုတ်ဘူး။
အရိယာမဖြစ်ခင်ကလည်းရိုးသားတဲ့စိတ်
ရှိရတယ်။မရိုးသားရင်လည်း အရိယာမဖြစ်ဘူး။
တကယ်ပြောတာပါ။ရိုးသားတဲ့စိတ်ရှိမှ
အရိယာဖြစ်နိုင်တယ်။ရိုးသားတဲ့သူတွေပဲ
အရိယာမဂ်ကိုရနိုင်တယ်။ မရိုးသားတဲ့သူတွေ
ဆန်းပြားတဲ့သူတွေ အရိယာမဖြစ်နိုင်ဘူး။
ကော်နီဆိုထားတဲ့ သီချင်းထဲမှာတောင်ပါတယ်
လောကမှာ အရိုးဆုံးဟာ အဆန်းဆုံးပါပဲ တဲ့။
တကယ်ရိုးသားတဲ့သူတွေသာလျှင်
ဆန်းကြယ်ကြတယ်။ အဆန်းတကြယ်
လုပ်ကြတဲ့သူတွေကရိုးသွားတယ်။
ရိုးသားခြင်းတွေကသာ အမြဲတမ်းဆန်းကြယ်
နိုင်တယ်။
အဲ့ဒီတော့ နိဗ္ဗာန်လိုချင်ကြတဲ့သူတွေလည်း
ရိုးသားမှရနိုင်မယ်။ ဓမ္မဆိုတာ သိတ်ရိုး
ရှင်းတယ်။ ဆန်းပြားတဲ့အရာမဟုတ်ဘူး။
ဆန်းကြယ်တာ ဆန်းပြားတာကိုကြိုက်ပြီး
အဆန်းထွင်နေကြလို့သာ နိဗ္ဗာန်ကိုမရနိုင်
ကြတာ။ရိုးရိုးသားသားနဲ့ကြည့်ရင် မြင်ရင်
တွေးရင် နိဗ္ဗာန်ကို ရှောရှောရူရူ လွယ်လွယ်
ကူကူရောက်တယ်။လူ့စိတ်ကဆန်းကြယ်
တာကိုကြိုက်ပြီး အဆန်းထွင်နေကြလို့သာ
နိဗ္ဗာန်ကိုမရောက်နိုင်ပဲ ကောက်ကွေ့နေ
ကြတာပါ။
တရားအားထုတ်ဖူးကြသူတိုင်း ကြားဖူး ကြမှာပါ။
လုပ်မယူနဲ့၊ရှာမရှုနဲ့၊ဗျာမများနဲ့ ဆိုတဲ့စကား..
ဒီလို မှာနေရတာ လမ်းညွှန်နေရတယ်ဆိုတာ
အဆန်းထွင်ချင်ကြတဲ့ ပျာယာခတ်ကြတဲ့ သူတွေမို့လို့
မှာနေရတာ။
ဖြစ်အောင်လည်းမပြုနဲ့
ပျက်အောင်လည်းမပြုနဲ့
ဖြစ်အောင်ပြုရင် လောဘ
ပျက်အောင်ပြုတာ ဒေါသ
ဖြစ်မှန်း ပျက်မှန်းမသိရင် မောဟ။
ဒါဖြင့်ရင် နိဗ္ဗာန်ရဖို့ ဘာလုပ်ရမလဲဆိုတော့
ဘာမှလုပ်စရာမလိုဘူး။ရိုးရိုးသားသား စောင့်ကြည့်တတ်ဖို့ပဲ
လိုတာ။ရိုးရိုးသားသား စောင့်ကြည့်ရင် ဝိပဿနာရဲ့
ဥာဏ်စဉ်တွေ ကိုအစဉ်အတိုင်း သူကပြလိမ့်မယ်။
အဲ့ဒါရိုးသားမှုရဲ့ဆုလာဒ်ပဲ။
နည်းနည်းရိုးသားရင် တစ်ဆင့်နှစ်ဆင့် မြင်ရမယ်။ များများရိုးသားရင် ဘယဥာဏ် အဆင့်လောက်မြင်ရမယ်။
အပြည့်အဝ ရိုးသားရင် မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့နိဗ္ဗာန်ကို
မြင်ရမယ်။
ရိုးသားတဲ့စိတ်ရှိပေမယ့်လည်း အလုပ်စဉ်
အမှန်အတိုင်းမလုပ်တတ်ရင်လည်းမရနိုင်ဘူး။
ဆရာကောင်း သမားကောင်းက အလုပ်စဉ်
အတိုင်းသင်ပေးထားတာကိုရိုးရိုးသားသား
မှန်မှန်ကန်ကန်ကျင့်ကြံနိုင်ရင် နိဗ္ဗာန်ကို
ရနိုင်တယ်။
နောက်ထပ်မရိုးသားတာတွေရှိသေးတယ်။
တရားသဘောတွေလေ့လာထားတယ်။
ဥာဏ်စဉ်တွေ လေ့လာကျက်မှတ်ထားတယ်။
တရားစခန်းသွားဝင်တယ် ၁၀ရက် ၁၅ရက် တစ်လ
စသည်ဖြင့်ပေါ့လေ။ ပြီးတော့စခန်းကပြန်ထွက်လာတယ်။
အမှန်တိုင်းဝန်ခံတယ်။ဘာတရားမှမရခဲ့ပါဘူးတဲ့။
တရားဆိုတာက ရဖို့မလွယ်ဘူးလေ တဲ့။ခုခေတ်မှာ
နေယျပုဂ္ဂိုလ်တို့ ပဒပရမပုဂ္ဂိုလ်တို့ပဲရှိတာ
ဘယ်သူမှလွယ်လွယ်နဲ့တရားမရနိုင်ပါဘူးတဲ့။
ပြောတော့တာပဲ။မရဘူးလို့သာရိုးရိုးသားသားဝန်ခံတာ။
ဟန်ကိုယ့်ဖို့လုပ်ပြီး ကာဗာယူသေးတယ်။
ကိုယ်မရတိုင်း သူတစ်ပါးတွေလည်းမရတော့သလိုလို။
အဲ့ဒါ ဘာဖြစ်တာလဲဆိုတော့ မာန်တက်တာ။
ကိုယ့်ကိုယ်ကိုစာတတ်တယ် အလုပ်စဉ်ကိုသိတယ်
ဥာဏ်စဉ်တွေနားလည်တဲ့သူတောင်မှမရတာ
တခြားသူတွေကောရနိုင်မှာလားလို့ ကိုယ့်ကိုယ်ကို
မာန်တက်တာ။
တကယ်နိဗ္ဗာန်ရချင်ရင် မာန်ကိုချိုးထားရတယ်။
တရားအားထုတ်လို့မှ အလုပ်စဉ်မှန်ရဲ့သားနဲ့
ဥာဏ်စဉ်မတက်ရင်
ကိစ္စမပြီးရင်
***ငါ ဘာလိုနေသေးလဲ... ***လို့
ကိုယ့်ကိုယ်ကို ဆန်းစစ်ရမှာ
ဘယ်နေရာအားနည်းနေလဲ?
ဘယ်နေရာမှာ ဟာကွက်ရှိလဲ?
ဘယ်နေရာမှာ အလုပ်စဉ်ကနေ ချော်ထွက်သွားသလဲ
စသည်ဖြင့် ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို သုံးသပ်ကြည့်ရမယ်။
ဆင်ခြင်ကြည့်ရမယ်။ဆန်းစစ်ဝေဖန်ရမယ်။
သို့မှသာ တခါအားထုတ်တိုင်းအားနည်းချက် လိုအပ်ချက်တွေကို
ဖာထေးနိုင်မယ်၊ပြုပြင်နိုင်မယ်၊ဖြည့်စွက်နိုင်မယ်။
ဒါမှ ဥာဏ်စဉ်တက်လာနိုင်မယ်။
ဒီလိုမဟုတ်ပဲ တရားဆိုတာ ရဖို့လွယ်တာမဟုတ်ဘူး။
သူများတွေလည်းရတာမဟုတ်ဘူး။ကိုယ်လည်းမရသေးဘူး။
အတူတူပဲလို့ တွေးပြီးနေလိုက်ရင် မရိုးသားမှုပဲ။
နိဗ္ဗာန်ကိုလိုချင်တယ်ပြောပြီး အချောင်ခိုတာ။
ရိုးသားတဲ့သူကကြိုးစားတယ်။
မရိုးသားတဲ့သူက မာယာများတယ်။
အကြောင်းပြချက်တွေနဲ့ အကာအကွယ်ယူကြတယ်။
တကယ်နိဗ္ဗာန်ရချင်သူက အတ္တာဓိပတိ၊လောကာဓိပတိ၊
ဓမ္မာဓိပတိနဲ့. ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ပြီး
စိတ်ကိုမြင့်တင်နေရမယ်။ကိုယ်လည်းမရဘူး။
သူများလည်းမရဘူး လို့ခပ်လျော့လျော့ထားလိုက်ရင်
နိဗ္ဗာန်မြင်ဖို့ဝေးလို့ ဥာဏ်စဉ်တောင်တက်မှာမဟုတ်ဘူး။
ကိုယ့်ကိစ္စလေးပြီးထားဖို့အတွက် အရိယာမဂ်ဖိုလ်လေး
တစ်မဂ် တစ်ဖိုလ်လောက်ရထားဖို့အတွက် တကယ်ရိုးသား
မှုရှိဖို့လိုတယ်။မာယာတွေနဲ့မသွားပါနဲ့။မာနတွေနဲ့
မသွားပါနဲ့။အဲ့ဒီကိလေသာတွေကိုဖြစ်မှန်းလည်းသိပေး
လိုက်ပါ။သတိ ၊ အသိနဲ့လည်းဆင်ခြင်လိုက်ပါ။
ဒီခေတ်ကြီးထဲမှာအရိယာဖြစ်ဖို့မလွယ်ပါဘူးဆိုပြီး
မရိုးသားတဲ့စိတ်နဲ့မလှည့်ဖြားမိပါစေနဲ့။ သစ္စာတရားတွေ
ထွန်းကားနေသမျှ အရိယာဆိုတာရှိနိုင်သေးတယ်။
ငါလည်း အရိယာဖြစ်အောင်လုပ်မယ်လို့ ကိုယ့်ကိုယ်ကို
အားမာန်သွင်းထားပါ။ ဒီလိုစိတ်နဲ့ယုံကြည်စွာမာန်သွင်း
ထားမှနိဗ္ဗာန်နဲ့နီးမှာပေါ့။ ဘယ်အရာမှာမဆို အဓိပတိ
ထားမှအောင်မြင်နိုင်တယ်ဆိုတာ စာပေကျမ်းဂန်တွေမှာ
လက်တွေ့အခြေအနေတွေမှာ အခို်င်အမာရှိနေ တွေ့နေတာ
ပဲလေ။ လက်တွေ့ကျကျကျင့်သုံးကြည့်လိုက်စမ်းပါ။
ပဋ္ဌာန်းဒေသနာတော်မှာ အဓိပတိပစ္စယောဆိုတာပါတယ်။ အဘိဓမ္မာကိုလေ့လာထားကြသူတွေ သိမှာပါ။အဓိပတိမတပ်ပဲ
အောင်မြင်နိုင်ရဲ့လားဆိုတာ စဉ်းစားဝေဖန်ကြည့်ကြပါ။
ရိုးသားတဲ့စိတ်နဲ့ ကြိုးစားတာမှန်ရင် အဓိပတိဖြစ်ပါတယ်။
ရိုးရိုးသားသားနဲဘာမှအဆန်းမထွင်ပဲကြိးစားရင်
နိဗ္ဗာန်ဆိုတဲ့ဆုလာဒ်ကြီးကို အရ အပိုင် ဆွတ်ခူးနိုင်မှာ
ဧကန်မလွဲပါပဲ။
ဒါကြောင့်ရိုးရိုးသားသားနဲ့ကြိုးစားကြပါလို့
တိုက်တွန်းချင်ပါတယ်။ရိုးသားမှုရဲ့ဆုလာဒ်ကြီးကို
လက်ဝယ်ပိုင်ပိုင်ရအောင်ယူကြပါ။
နိဗ္ဗာန်မဂ်ဖိုလ်ကို မပင်မပန်း မကြောင့်မကြပဲ
ရလွယ် ရောက်လွယ်နိုင်ကြသူများဖြစ်ပါစေ။
(2017 July 21 at 7:50pm ·)



နိဗ္ဗာန်ဆိုတာ ရိုးသားမှုရဲ့ဆုလာဒ်(၂)*****
ရိုးရိုးသားသားအေးအေးဆေးဆေးလေး
ဘာမှ မကွန့် မညွန့် မကောက် မကွေ့ပဲ
ခန္ဓာကပြတာကိုသာ စောင့်ကြည့်တတ်ရင်
နိဗ္ဗာန်ဆိုတဲ့ ဆုလာဒ်ကိုလွယ်လွယ်ကူကူ
ဆွတ်ခူးရရှိနိုင်ပါတယ်။
တရားအားထုတ်ကြတဲ့သူတိုင်း အားထုတ်ရင်းနဲ့
ပျင်းရိလာတတ်ကြတယ်။ လွယ်လွယ်နဲ့လည်း
မရနိုင်ဘူးလေ လို့ စိတ်အားလည်းလျော့တတ်ကြတယ်။
ကိလေသာရဲ့ဆွဲအားတွေပါပဲ။အဲ့ဒီကိလေသာတွေကို
အဓိပတိ(၃)ပါးလက်ကိုင်ထားပြီးတိုက်ထုတ်ပစ်မှ
ရနိုင်မယ်။
အဓိပတိသုံးပါးဆိုတာ
(၁)အတ္တာဓိပတိ
(၂)လောကာဓိပတိ
(၃)ဓမ္မာဓိပတိ ဆိုပြီးသုံးပါးရှိတယ်။
တရားအားထုတ်လို့ပျင်းလာတယ်။ငြီးငွေ့လာတယ်။
အာရုံတွေစုစည်းလို့မရအောင်ပျံ့လွင့်မှုများလာတယ်
ဆိုရင်......
ငါလေ...ဘာမှမဟုတ်တဲ့ အပျော်အပါး အမော်အကြွားတွေ
အတွက် သားကျွေးမှု မယားကျွေးမှုတွေအတွက်တော့
စိတ်ပါလက်ပါ အားကြိုးမာန်တက် အပင်ပန်းခံပြီး
စွမ်းစွမ်းတမံ ချွေးထွက်သွေးထွက် ကြိုးကြိုးစားစား
လုပ်ခဲ့သလောက် ဒုက္ခသိမ်းလို့ငြိမ်းရမယ့် ၊နိဗ္ဗာန်ကိုမျက်မှောက်
ပြုရမယ့် အလုပ်ကြတော့ ပျင်းရိနေလိုက်တာ။ဒုက္ခဖြစ်တဲ့
ခန္ဓာကြီးကိုထမ်းပြီးဒုက္ခကလွတ်ရာလွတ်ကြောင်းကိုတော့
စွမ်းစွမ်းတမံအားမထုတ်ပဲ တဏှာရဲ့အလိုကိုလိုက်နေမိပါလား။
မဖြစ်သေးဘူး။တဏှာကျွန်ဘဝကလွတ်အောင် ရုံးထွက်မှ။
မရအရလွတ်အောင်ကိုရုံးထွက်မှပဲ။
အဲ့ဒီလိုလေး ကိုယ့်ကိုယ်ကို *အတ္တာဓိပတိ*နဲ့ မာန်သွင်းပြီး
ကြိုးစားအားထုတ်ကြဖို့လိုပါတယ်။
အော်..ငါ့ကိုတော့တရားသမားဆိုပြီး လူတွေက အထင်ကြီး
နေကြတာ။ငါက ခုချိန်ထိ တစ်မဂ် တစ်ဖိုလ်မှမရသေးဘူး။
တရားထိုင် တရားအားထုတ် တရားစကားသာပြောနေတယ်
ကိလေသာတစ်ပါးမှ မပယ်ရသေးဘူး။ အပြင်ပန်းသဏ္ဍာန်
မှာ လူအထင်ကြီးခံ အကြည်ညိုခံနေရပေမယ့် ငါ့ခန္ဓာတွင်းမှာ
ကိလေသာပိုးထိုး လောက်တက်ဖြစ်နေတာများသိသွားရင်
ရှက်စရာကြီးပါလား။တစ်မဂ်တစ်ဖိုလ်တော့ဖြင့် ရအောင်
ကြိုးကြိုးစားစားအားထုတ်မှပဲလို့ ပတ်ဝန်းကျင်ကို
ရှက်ကြောက်တဲ့စိတ်ထားကြပါ။ ပတ်ဝန်းကျင်ကို
အကြီးအမှုးထားပြီး*လောကာဓိပတိ*နဲ့
မာန်သွင်းပြီးကြိုးစား အားထုတ်ကြပါ။
ကိုယ့်ဝမ်းခေါင်းထဲကကိလေသာကိုဘယ်သူမှမမြင်ဘူး။
မသိဘူးလို့မထင်လိုက်ပါနဲ့။ကိုယ်စောင့်နတ်ကသိတယ်။
အဘိညာဉ်ရတဲ့ အရိယာကြီးများကသိတယ်။
အရိယာနတ်ဗြဟ္မာကြီးတွေကသိကြတယ်။ညာလို့မရဘူး။
ပုထုဇဉ်အရူးအကန်း အမိုက်အမဲတွေကိုသာ ညာလို့
ရရင်ရမယ်။ပညာရှိသူတော်ကောင်းတွေကိုညာလို့မရဘူး။
ဒါကြောင့် လောကာဓိပတိကိုလည်း လက်ကိုင်ထားဖို့
မမေ့ပါနဲ့။
ဖြစ်ပျက်ဆိုတာလေးမြင်ပြီးရင် နိဗ္ဗာန်ရမယ်မှန်းသိထားမှတော့
ဖြစ်ပျက်မြင်အောင်ကြိုးစားမယ်။ဖြစ်ပျက်ဆုံးအောင်
ရှုမှတ်မယ်လို့တရားတော်ကို အကြီးအမှုးထားပြီး
* ဓမ္မာဓိပတိ* နဲ့လည်း တရားအားထုတ်ကြပါ။
ဒီလို အဓိပတိလေးတပ်ပြီးတော့ ကြိုးစားအားထုတ်ဖို့လည်း
လိုပါတယ်နော်။
လူဆိုတာ ကိလေသာရဲ့ဆွဲအားနောက်ကိုပါဖို့လွယ်တယ်။
အဲ့ဒီကိလေသာကိုဖယ်ဖို့ခွာဖို့ကြတော့ လေးပင် ဖင့်နွဲ့
နေတတ်ကြတယ်။တစ်သံသရာလုံးကိလေသာနဲ့
ပေါင်းဖက်မွေ့လျော်ခဲ့ကြတာဆိုတော့လည်း ခွဲဖို့ ခွာဖို့
ခက်တာပေါ့လေ။ကိလေသာဆိုတာ ရိုးသားမှုကိုဖျက်ဆီးတယ်။
ရိုးသားတဲ့သူတွေဟာ ကိလေသာကင်းတယ် ကိလေသာပါးတယ်။
မရိုးသားတဲ့သူတွေဟာ ကောက်ကျစ်တယ် စဉ်းလဲတယ်
မာယာများတယ် ကိလေသာထူပြောတယ်။
တချို့တွေက ဝိပဿနာဥာဏ်စဉ်တွေ ကျက်မှတ်ပြီး
ဘယ်ဥာဏ်ပြီးရင် ဘယ်ဥာဏ်ရတယ်ကွလို့ လေလုံးထွားတယ်။
အကြွားပိုတယ်။ကိလေသာပိုထူလာတာပဲရှိတယ်။
ဘာဥာဏ်မှလည်းရတာမဟုတ်ဘူး။ဥာဏ်စဉ်တွေလေ့လာ
ကျက်မှတ်ထားပြီးအကျိုးရှိအောင်အသုံးချကြပါ။
အလုပ်စဉ်အတိုင်းတရားအားထုတ်တဲ့အခါ ဥာဏ်စဉ်တက်
မတက် သုံးသပ်ကြည့်ရမယ် ဝေဖန်ကြည့်ရမယ်။
ဥာ ဏ်စဉ်မတက်လာရင် ဘာကြောင့်မတက်တာလဲ
ဘာလိုနေလို့လဲလို့ ကြံစည်တတ်ရမယ်။ဒီလိုကြံစည်တာက
သမ္မာသင်္ကပ္ပပဲ။ကောင်းသောကြံစည်ခြင်းပဲ။
ဝိတက်နဲ့ဝိစာရမှန်ကန်မှတရားတက်နိုင်တာ။
အကြံအစည်မကောင်းရင် ဆင်ခြင်သုံးသပ်နိုင်စွမ်းအားနည်းရင်
လမ်းမပေါက်နိုင်ဘူး။ ဓားအတုံးကြီးနဲ့မြက်ထူထူကို
ခုတ်နေသလိုပဲ။ မြက်ပင်တွေပြတ်မှာမဟုတ်ဘူး။
ကိလေသာကထူရတဲ့အထဲ ဥာဏ်ဓားက ခပ်တုံးတုံးဆိုရင်
ကိလေသာပြတ်ဖို့မလွယ်ဘူး။
ဒီကြားထဲမာယာများပြီးလှည့်ပတ်ဖုံးကွယ်နေတော့ပိုဆိုးပေါ့။
ချစ်ကောင်းရဲ့သီချင်းထဲကလိုပဲ.. မာယာတွေတကယ်ကိုများတဲ့
လောကကြီး မာယာဟာတကယ့်အမှန်တရားလား..တဲ့
လူတွေကမာယာများတာကိုအမှန်တရားလို့ထင်လာကြတယ်။
ဟိုကအပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားပြီး အထောက်အထားတွေ
ထုတ်ပြတယ်။ မာယာဆိုမှတော့မမှန်တော့ဘူး။ မမှန်ဘူးဆိုမှ
အမှားပေါ့။အဲ့ဒီအမှားကိုအမှန်ထင်နေကြတာ။
အမှားကြာတော့ အမှန်ဖြစ်
အမှန်အစစ် အမှားထင်
ဘုရားရှင်ပင် ချွတ်လို့မကျွတ်။ တဲ့
အမှားကိုအမှန်မပြင်သမျှ၊ မှားတာကိုမှားမှန်းမသိသမျှ
သစ္စာသိဖို့အဝေးကြီးပဲ။ရိုးရိုးသားသားအမှားကိုဝန်ခံပြီး
အမှန်ပြင်ပါ။မရသေးတာကိုရဖို့ ကြံစည်ပါ။သင်ယူပါ။
ဒါမှလမ်းကအမှန်ဖြစ်လာမယ်။
လမ်းမှန်မှ နိဗ္ဗာန်ထိပေါက်ရောက်နိုင်မယ်။
ဒီတော့ ရိုးသားတဲ့သူတွေတရားအားထုတ်ရင် မြန်မြန်ရလွယ်တယ်။ မရိုးသားတဲ့သူတွေ တရားအားထုတ်ရင်
ကွေ့နေ ကောက်နေတာနဲ့ လောဘ ဒေါသကြီးနေတာနဲ့ပဲ
တရားရဖို့မလွယ်ပဲဖြစ်နေတတ်တယ်။ တချို့တွေက
လောဘ ဒေါသကြီးပေမယ့် ဟန်ဆောင်ပြီးနေတတ်တယ်။
လှည့်ဖျားပြီးနေတတ်တယ်။မာယာနဲ့နေတတ်တယ်။
အဲ့ဒီလိုလူတွေဟာ ပင်ကိုယ်ဗီဇအားဖြင့်ကောက်ကွေ့တဲ့
သဘောရှိလို့ ဘယ်ကိစ္စမှာမဆို ကောက်ကွေ့တတ်ကြတယ်။
တရားအားထုတ်ရာမှာလည်း ကောက်ကောက်ကွေ့ကွေ့
ဖုံးဖုံးဖိဖိ ဟန်ဆောင်လှည့်ဖျားပြီးအကာအကွယ်စကားတွေ
ပြောတတ်ကြတယ်။
ဟိုဟာ အကြောင်းပြ ဒီဟာအကြောင်းပြနဲ့ဖုံးကွယ်
လှည့်ပတ်ပြီးပြောနေရင်တော့ လူဖျင်း လူညံ့ လူလိမ်ပဲ။
လောကမှာ လူဖျင်းတွေ လူညံ့တွေ လူလိမ်တွေဟာ
အလုပ်ကိုအောင်မြင်ပြီးစီးအောင်မလုပ်တဲ့အပြင်
အကြောင်းပြချက်အမျိုးမျိုးပေးတတ်ကြတယ်။
မရသေးတာကိုမရသေးဘူး။ထပ်ပြီးကြိုးစားရအုံးမယ်လို့
ရိုးရိုးသားသားဝန်ခံကြတဲ့သူတွေက နိဗ္ဗာန်မြင်ဖို့နီးတယ်။
အကြောင်းပြချက်အမျိုးမျိုးပေးပြီးလှည့်ပတ်ဖုံးဖိနေတဲ့
သူတွေက နိဗ္ဗာန်မြင်ဖို့ဝေးတယ်။
ဒါကြောင့် ရိုးသားကြပါ။ရိုးရိုးသားသားကြိုးကြိုးစားစား
အားထုတ်ပါ။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပြီး၊ မှန်မှန်ပြောပါ။
ရိုးသားသူတို့အတွက် နိဗ္ဗာန်ဆိုတဲ့ ဆုလာဒ်ကြီး
ဆွတ်ခူးရရှိဖို့သေချာပါတယ်။ရိုးသားမှုရှိတဲ့သူအတွက်
နိဗ္ဗာန်ဆိုတာခရီးမဝေးပါဘူး။
သစ္စာသိသောအရိယာသူတော်စင် အစစ်ကြီးများဖြစ်ကြပါစေ။


(2017 July 23 at 4:43pm · )


0 comment: