ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, August 31, 2017

အဓိပတိတပ်ပါ


နိဗ္ဗာန်လိုချင်လို့ သစ္စာသိချင်လို့ တရားအားထုတ်ကြပေမယ့်
ခုချိန်ထိ နိဗ္ဗာန်ကိုမမြင်သေးဘူး။
သစ္စာမဆိုက်သေးဘူး။


ဘာကြောင့် နိဗ္ဗာန်ကိုမမြင်သေးတာလဲ?
ဘာကြောင့် သစ္စာမဆိုက်သေးတာလဲ?

ခုခေတ်က နေယျပုဂ္ဂိုလ်နဲ့ ပဒပရမ ပုဂ္ဂိုလ်တွေသာ
ရှိကြတော့တဲ့အတွက် လွယ်လွယ်နဲ့သစ္စာမသိနိုင်
ကြတော့ဘူး။ အချိန်အများကြီးပေးပြီးတရား
အားထုတ်မှ ရနိုင်တာမျိုး၊ ပါရမီပါသွားရုံလောက်ပဲ
ဖြစ်နိုင်တော့တယ်လို့

ဒီလိုဆိုကြတယ်ရှင်။

တကယ်ဟုတ်ရဲ့လား?။

သမီးတော်သိတာကတော့ မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့
ပဋ္ဌာန်းဒေသနာတော်ထဲက အဓိပတိပစ္စယောမှာ ပါတဲ့အတိုင်း
ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊စိတ္တာဓိပတိ၊ဝီမံသာဓိပတိနဲ့
အားထုတ်မယ်ဆိုရင် နိဗ္ဗာန်ကိုမြင်ကိုမြင်တယ်လို့ပဲ သိထားတယ်ရှင်။
ကိုယ်စိတ်ဝင်စားတဲ့ကိစ္စတစ်ခုကို အမှန်တကယ်စိတ်ဝင်စားရင်
ဆန္ဒပြင်းပြစွာနဲ့ ဝီရီယစိုက်ထုတ်တဲ့ အခါ
မအောင်မြင်တဲ့ကိစ္စဆိုတာမရှိနိုင်ပါဘူး။

အဓိပတိဆိုတာ အကြီးအမှုးလို့ အဓိပ္ပါယ်ရပါတယ်။
စကြာဝတေးမင်းတို့ရဲ့ သြဇာတိက္ကမအာဏာနဲ့
တူတယ်လို အဋ္ဌကထာဆရာများကရှင်းလင်းထားပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ တိုင်းနိုင်ငံတွေက ရှင်ဘုရင်တွေ
တိုင်းသူပြည်သားတွေအားလုံးအပေါ်လွှမ်းမိုးနိုင်တဲ့
သြဇာအာဏာမျိုးရှိတဲ့သူဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကို အဓိပတိတပ်တဲ့အခါ ဆန္ဒဝီရိယတွေအားလုံးက
လိုက်ပါပြီး မအောင်မြင်မချင်း လုပ်တော့တာပါပဲ။
မကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်
အဓိပတိတပ်ပြီးလုပ်ဆောင်နေတဲ့အခါ ဘယ်လိုအကြောင်းကိစ္စ
ကမှ တားမြစ်ပိတ်ပင်လို့မရတော့ပါဘူး။

ဒီတော့ သစ္စာသိချင်တဲ့သူ နိဗ္ဗာန်ကိုမြင်ချင်တဲ့သူက
အဓိပတိလေးပါးနဲ့သာ ၀ိပဿနာအလုပ်ကို လုပ်ခဲ့မယ်ဆိုရင်
နိဗ္ဗာန်ကို မမြင်စရာကို မရှိပါဘူး။
အဓိပတိ မတပ်သေးလို့သာ နိဗ္ဗာန်ကို မြင်ခွင့်မရသေးတာပါ။
များသောအားဖြင့်တော့ နိဗ္ဗာန်ကိုလိုချင် ရချင်ကြပေမယ့်
သာမာန်ရချင် လိုချင် ဆန္ဒဖြစ်ရုံလောက်ပဲ ရှိကြတာတွေ့ရပါတယ်။
ဖြေးဖြေးချင်းအားထုတ်သွားတာပေါ့ ဆိုပြီး ခပ်အေးအေး
တရားအားထုတ်ကြတယ်။ တရားစခန်းတွေ သွားကြတယ်။
ဓမ္မာရုံပေါ်မှာ တရားထိုင်တဲ့အချိန်ကလွဲရင် တရားချိန်ဖြုတ်တာနဲ့
တရားအမှတ်ကို ဖျက်ပစ်ကြတယ်။အာရုံတွေကို လွှင့်ချင်ရာလွှင့်
လွှတ်ချလိုက်တယ်။ ထိန်းမထားကြဘူး။စကားတပြောပြောနဲ့
နေကြတယ်။ အစားအသောက်ကို ဟိုတခုစားလိုက် ဒီတခုစားလိုက်နဲ့
မျက်စိကလည်း ကျီးကြည့် ကြောင်ကြည့် အငြိမ် မထားကြဘူး။

ယောဂီဆိုတာ ဘယ်လိုနေရမလဲ?

အမှုမများ ၊ စကားသိမ်းဆည်း၊
စောင့်စည်း ဣနြေ္ဒ၊ အိပ်နေ နိုးကြား၊
အစားမကြီး၊ တစ်ယောက်တည်းနေ
ဤခြောက်ထွေ ကျင့်လေ ယောဂီ မှာ  တဲ့။

ကျင့်ကြရဲ့လား?

တချို့ အဖေါ်မပါရင် တရားစခန်း မ၀င်ဘူး။
တရားချိန် နားလို့ လမ်းလျှောက်ရင် အဖေါ်လေးနဲ့
စကားတပြောပြော။ တရားကို အဓိပတိမထားဘူး။
တခါသွားလည်း အဖေါ်နဲ့ စကားလေးပြော အစားလေးစားပြီး
ပြန်လာ ဆိုရင် ၀ိပဿနာကုသိုလ်ဖြစ်လောက်ပဲ
စခန်းဝင်သလိုဖြစ်နေတယ်။ လုပ်တော့လုပ်နေတာပဲ
တရားက မရသေးဘူး။ ဒီလိုလေးပေါ့လေ။
အေးအေးဆေးဆေးပဲ ။

အသေမဦးမှီ ဥာဏ်ဦးအောင် အားကြိုးမာန်တက်
မရ ရအောင်လုပ်လိုက်မယ်လို့ စိတ်မကူးမိသေးဘူးဆိုရင်
တရားကလည်း အေးအေးဆေးဆေးပဲ။
ယူတဲ့သူကမှ မရအရ မယူချင်သေးတာကိုးနော်။

အရှင် အာနန္ဒာမထေရ်ဆိုလည်း သောတာပန် အရိယာ အဖြစ်နဲ့
ဘုရားရှင်ကို အလုပ်အကျွေးပြုပြီး နေလာလိုက်တာ။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော့မှပဲ အထက်မဂ်ကို လိုချင် ရချင်တဲ့ဆန္ဒဖြစ်ပြီး
အားထုတ်တယ်။ ဒီတော့မှ ရဟန္တာဖြစ်တာပဲ။
အောက်မဂ် အရိယာတွေဟာ ကိလေသာဖြစ်ပေါ်တာကို
သိသိပြီး နေကြတယ်။ တခါတရံမှ ကျန်နေသေးတဲ့ ကိလေသာကို
သန့်စင်အုံးမှပါလေ လို့ အတွေးဝင်ပြီး ကြံစည်တတ်ကြတယ်။
ကြံစည်တာပဲ ရှိတယ် တကယ် မလုပ်ဖြစ်ဘူး။
တကယ်လုပ်မယ်ဆိုရင်လည်း ဆန္ဒပြင်းပြလာမှ
အထက်မဂ်ကို ရလာနိုင်တယ်။ အရိယာဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များအတွက်ကျတော့
ဆန္ဒပြင်းပြလာရင် အထက်မဂ်ကို ရအောင်ကြိုးစားဖို့ လွယ်နေပြန်တယ်။
နည်းလမ်း အမှန်ကို ရထားပြီးကြတဲ့သူတွေဖြစ်နေတာကိုး။


အသေမဦးမှီ ဥာဏ်ဦးအောင် သစ္စာ မသိမချင်း၊ နိဗ္ဗာန် မမြင် မချင်း
ဝိပဿနာ အလုပ်ကိုပဲ ဇောက်ချလုပ်တယ်ဆိုတာ အဓိပတိတပ်တဲ့သူ
တွေမှာပဲ တွေ့ရတယ်။ အဓိပတိ မတပ်ကြတဲ့သူတွေက ဆန္ဒလေးရှိနေတော့
စခန်းဝင်ကြ အားထုတ်ကြပေမယ့် သိတ်တော့ စူးစိုက်မှု မရှိကြဘူး။
ဆန္ဒပြင်းပြတဲ့သူတွေ အဓိပတိတပ်ကြတဲ့သူတွေဆိုရင် စခန်းဝင်ရင်လည်း
တစ်ယောက်တည်း သွားတယ်။ဓမ္မာရုံထဲမှာ တရားထိုင်ရင်လည်း
တရားချိန်ပြည့်လို့ ချက်ချင်းမထသေးပဲ တရားအမှတ်လေးကို
လွတ်သွားပျောက်သွားမှာစိုးလို့ ဆက်ပြီး ရှုမှတ်နေတတ်တယ်။

ဆန္ဒ အဓိပတိတပ်ထားတဲ့အတွက် ၀ီရိယက မလျှော့တမ်း အားထုတ်တယ်။
ကာယိက၀ီရိယ၊ စေတသိက၀ီရိယနဲ့ ကြိုးစားတော့တာပဲ။
ကာယိက ၀ီရိယ ဆိုတာ တရားအားထုတ်တဲ့အခါ တရားထူးတရားမြတ်ကို
ရချင်လိုချင်စိတ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်စိတ်နဲ့ ကိုယ်ကိုမတ်မတ်ကလေးထား
ခေါင်းကိုတည့်တည့်လေးထား ဒီလိုကြောင့်ကြစိုက်ပြီး အားထုတ်တာပေါ့။

စေတသိက ၀ီရိယ ဆိုတာက
 ဖြစ်ပျက် အာရုံလေးတွေကို မြင်အောင်၊
ဖြစ်မှန်းလည်း သိအောင်၊ ပျက်မှန်းလည်းသိအောင်၊
မှန်မှန်ကန်ကန်ရှုမှတ်ဆင်ခြင်နိုင်အောင်၊
 ဖြစ်ပျက် အာရုံလေးတွေ လွတ်မသွားရအောင်
ကိလေသာ ကြားမ၀င်နိုင်အောင် ကြောင့်ကြစိုက်ထားတာပေါ့။
ဒီလိုလေး ၀ီရိယကလည်း အဓိပတိတပ် ထားတယ်။

ဝီမံသာဓိပတိကတော့ ပညာကို အကြီးအမှုးထားတာကိုခေါ်ပါတယ်။
ခန္ဓာပေါ် ဥာဏ်ရောက်အောင် ကြိုးစားတာ ၀ီရိယာဓိပတိ၊
ဖြစ်ပျက်မြင်ဖို့ ဆန္ဒတစ်ခုတည်းဖြစ်နေလို့ ဆန္ဒာ ဓိပတိ၊
ဖြစ်တာကို မြင်တာက စိတ္တာ ဓိပတိ၊
ဖြစ်ပြီးပျက်သွားပါလား မရှိတော့ပါလားလို့ ဆုံးဖြတ်ချက်ချနိုင်တာက
ဝီမံသာဓိပတိဖြစ်ပါတယ်။ အဓိပတိ လေးပါးလုံး ညီညွတ်သွားပါတယ်။

ဖြစ်ပျက် နှစ်ပါးကိုမြင်နေတဲ့အထဲမှာ အဓိပတိတွေ အားလုံးပါနေတယ်။
တရားအားထုတ်တယ်ဆိုတာ နိဗ္ဗာန်လိုချင်လို့ အားထုတ်တာဖြစ်တဲ့အတွက်
ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို မြင်အောင်လုပ်ရမယ်။
 ဖြစ်ပျက်ကို မြင်တယ်။
ဖြစ်ပျက်ကိုမြင်ချင်တာက ဆန္ဒာဓိပတိ ၊
 ဖြစ်ပျက်မုန်းအောင်ကြိုးစားနေတာက ၀ီရိယာဓိပတီ၊
ဖြစ်ပျက်ကိုမြင်လည်းမြင်တယ် အမြင်တွေစိပ်လာပြီး
ဖြစ်ပျက်ဆိုတာပဲ ရှိတယ်
 ဖြစ်တာလည်း ဒုက္ခ ပျက်တာလည်း ဒုက္ခလို့
မြင်လာပြီး ဖြစ်ပျက်က လွတ်မြောက်ချင်လာတယ်
အာရုံစူးစိုက်နေတော့ စိတ္တာဓိပတိ။
ဖြစ်ပြီးတော့ ပျက်တယ် ဖြစ်ပြီးတော့ ပျက်တယ်ဆိုတာကို
ဆုံးဖြတ်ချက် ချနေတာက ၀ီမံသာ ဓိပတိဖြစ်တယ်။

ဖြစ်ပျက် မြင်တဲ့ ဥာဏ် ၊ ဖြစ်ပျက်မုန်းတဲ့ဥာဏ်၊ ဖြစ်ပျက်ဆုံးတဲ့ဥာဏ်
အဲ့ဒီအထိအောင် အဆင့်ဆင့် သွားရမှာဖြစ်ပါတယ်။ ဖြစ်ပျက်ကို မြင်ရုံနဲ့
ရပ်မနေရပါဘူး။

ဖြစ်ပျက်ကို မုန်းတဲ့ဥာဏ်ဝင်လာတော့မှ ဒါတွေဟာ ဘာမှ မဟုတ်ဘူး။
ဒုက္ခသစ္စာအစစ်တွေပဲလို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ လမ်းဆုံးသွားပါတယ်။
အဓိသီလ အဓိစိတ္တ အဓိပညာလို့ ခေါ်တဲ့ သီလ သမာဓိ ပညာ သုံးပါး
အဓိပတိတပ်သွားပါတယ်။

ဒါကြောင့် တကယ်လိုချင်ပြီ ရချင်ပြီဆိုရင် စကြာဝတေးမင်းလိုပဲ
အဓိပတိတပ်သွားပါတယ်။ တကယ်လိုချင်စိတ်ရှိပြီး တကယ်အားထုတ်ရင်
မရဘူးဆိုတာ မရှိပါဘူး။ အဓိပတိ မတပ်ကြသေးလို့ မရကြတာပါ။

မိုးကုတ်ဆရာတော်ဘုရားကြီးကပြောပါတယ်။
*ခင်ဗျားတို့  မယားလိုချင်သလိုသာ တရားလိုချင်ရင် နိဗ္ဗာန်မြင်တာကြာပြီ *.. တဲ့။

မယားလိုချင်သလို ပြင်းပြင်းပြပြ တောင့်တောင့်တတ လိုချင်ခဲ့ဖူးရဲ့လား။
ပြင်းပြတဲ့ဆန္ဒဆိုတာ လူတိုင်းဖြစ်ဖူးကြမှာပါ။ တကယ်ပြင်းပြတဲ့ဆန္ဒနဲ့
တခုခုကိုလိုလားတောင့်တ သလိုမျိုး နိဗ္ဗာန်ကို လိုချင်ရချင် ဖြစ်ဖူးခဲ့ပါရဲ့လား။
ပြင်းပြင်းပြပြလိုချင် ရချင်လာတဲ့အခါ ရအောင်ဘယ်လိုယူရမလဲလို့
အချိန်တိုင်းကြံစည် စဥ်းစားပြီး နေတတ်ကြပါတယ်။ ကိုယ်လိုချင်ရချင်တဲ့
အာရုံတခုထဲမှာပဲ စိတ်က ၀ဲလည်နေတတ်ကြတယ်။
ဖြစ်ပျက်ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်အာရုံတွေကို ဖြစ်ပျက် မှတ်ရမှာလဲ။
ဖြစ်ပျက်တွေ မြင်ပြီးတဲ့နောက် ဘယ်လိုဆက်ပြီး ရှုရမှတ်ရမှာလဲ။
နည်းမှန်လမ်းမှန်ကို သင်ပြ ညွှန်ကြားနိုင်တဲ့သူ ဘယ်သူဖြစ်မလဲ။
စသဖြင့် ကြံစည်နေတော့တာပါပဲ။ ကိုယ်ကနိဗ္ဗာန်မြင်ချင်နေတာ။
နိဗ္ဗာန်မြင်ဖို့ပဲ အလေးထားနေရမှာ။ နည်းလမ်းအမှန်ကို အမိအရ
သင်ယူနိုင်ဖို့ပဲ ဆန္ဒဖြစ်နေရမှာ။ ဒီလို အဓိပတိ တပ်ထားရမှာ။
နည်းလမ်းပေးတဲ့အခါ ကိုယ့်ခန္ဓာပေါ် ဥာဏ်နဲ့ လှည့်ကြည့်ရမှာ။
သို့မှသာ ခန္ဓာရဲ့သဘောအမှန်ကိုသိပြီး နိဗ္ဗာန်ကိုရောက်နိုင်ပါတယ်။
အပြောသက်သက်နဲ့ နိဗ္ဗာန်ကိုမရနိုင်ပါဘူး။ လေ့လာမှတ်သားမိသမျှကို
ခန္ဓာပေါ် ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ကြည့်ရမယ်။
နိဗ္ဗာန်လိုချင်တဲ့ ဆန္ဒနဲ့ တက်ကြွနေရမယ်။
တခွန်းပြောတာနဲ့ တစ်ခွန်းရဲ့အဓိပ္ပါယ်ဆိုလိုရင်းကို
ခန္ဓာပေါ်တင်ပြီး ဆန်းစစ် ချိန်ဆကြည့်ရမယ်။
ဒီလို ဥာဏ်က ပါးနေရမယ်။ ဒါမှ နိဗ္ဗာန်တကယ်လိုချင်သူရဲ့ လုပ်ရပ်ဖြစ်တယ်။

သူများတွေ နိဗ္ဗာန်လို့ ပြောလို့သာ လိုက်ပြီး ဗာန်နေကြတာများတယ်။
သိတ်လည်း လိုချင်တောင့်တ ပြင်းပြင်းပြပြ မဖြစ်ဖူးတော့
မရမနေ လုံ့လ၀ီရိယ အားမထုတ်ဖြစ်ကြပါဘူး။
ငါတို့လည်း နိဗ္ဗာန်လိုချင်လို့ တရားအားထုတ်နေတာပဲကွာ
ခုထိတော့ မရသေးဘူးလို့  ပြောနေကြတာ
အများကြီး တွေ့ဖူး ကြားဖူးပါတယ်။
ကိုယ်တိုင်လည်း အဲ့ဒီလိုလူထဲက လူတစ်ယောက်ပဲလား။
ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်တော်မူကြပါ။

လောကီရေးရာမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာရေးရာမှာပဲ ဖြစ်ဖြစ်
အဓိပတိတပ်တဲ့သူဟာ မရမနေ ကြိုးစားကြတဲ့အတွက်
မရမချင်းကြိုးစားကြတဲ့အတွက် ရကို ရပါတယ်။ အဓိပတိတပ်သွားလို့
စကြ၀တေးမင်းရဲ့ သြဇာအာဏာသက်ရောက်သလိုပဲ
တခြား အာရုံတွေကို လွှမ်းမိုးသွားပါတယ်။

ဒါကြောင့်မို့
နိဗ္ဗာန်ကိုလိုချင်ရချင် မြင်ချင်ကြရင်လည်း အဓိပတိတပ်ကြပါလို့
လေးစားစွာ တိုက်တွန်းပါတယ်။
တစ်မဂ်တစ်ဖိုလ်ရပြီး အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးကိုဖွင့်ပြီးမှ
ပျော်ပျော်ကြီးနေသွားကြပါ ။ တဏှာ မာန ကအထက်ကိုပဲသွားပါတယ်။
မပယ်ရသေးလည်း စိုးရိမ်စရာမရှိတော့ပါဘူး။ ဒိဋ္ဌိကို ဖြုတ်လိုက်ရင်
ဝီစိကိစ္ဆာလည်းသေသွားတာမို့ ဒိဋ္ဌိအရင်ဖြုတ်ကြပါ နော်။


ယုံကြည်တဲ့စိတ်လည်းတကယ်ရှိရင်
ကျန်းမာနေတဲ့အချိန်မှာ
ဘာကိုမှ နောက်ဆံ မတင်းပဲ
စိတ်ဖြောင့်ဖြောင့်ထားပြီး
သစ္စာတရားများကို အားထုတ်လို့
အရိယာသူတော်စင်ကြီးများဖြစ်နိုင်ကြပါစေ။



*****တတိယမြောက်သမီးတော်*****

0 comment: