ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 30, 2018

ပညာသိဖြင့် ပါရမီဖြည့်ကျင့်ကြရအောင်***


လောကမှာ အမြင့်မြတ်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်များဟာ
ကိုယ့်အကြောင်း ကိုယ်သိသွားကြပါတယ်။
ကိုယ့်အကြောင်းကိုယ်သိတယ်ဆိုတာ
တရား အားထုတ်ကြလို့ သိကြတာဖြစ်ပါတယ်။
တရားအားထုတ်တယ်ဆိုတာက ကိုယ့်ခန္ဓာအကြောင်း
ကိုယ်သိအောင် လုပ်ကြတာဖြစ်တယ်။

ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိအောင်လုပ်တော့
နာရင် နာတယ်လို့ သိကြတယ်။ ကျင်ရင် ကျင်တယ်လို့
သိကြတယ်။ ပူရင်ပူတယ်လို့ သိကြတယ်။ အေးရင်
အေးတယ်လို့ သိကြတယ်။ဆာရင် ဆာတယ်လို့ သိတယ်။
ဗိုက်တင်းရင် တင်းတယ်လို့ သိတယ်။
ဒီလိုသိတာကောင်းတဲ့ အလုပ်ပဲ။ ကိုယ့်ခန္ဓာအကြောင်း
ကိုယ်သိတာ။ ကိုယ့်ခန္ဓာမှာ စိတ်ကပ်ထားတာ ကောင်းတယ်။
သို့သော်….
ပညာသိ မဖြစ်သေးဘူး။
ပညာသိ ဖြစ်အောင် အသိဥာဏ်ကို ပြောင်းပေးဖို့ လိုတယ်။
နာတယ် ကျင်တယ် ဆိုရင် စောန က မနာ မကျင်ပဲ
ခုမှ နာလာ ကျင်လာတယ်တာဟာ ဖောက်ပြန်လာတာ။
အဲ့တော့ ဖောက်ပြန်တယ်လို့ သိလိုက်ပါ။
ပူတယ် အောင့်တယ်ဆိုရင်လည်း စောန က အကောင်း
ခုမှ ပူလာ အောင့်လာတယ် ဆိုတော့ ဖောက်ပြန်လာတယ်လို့
ဒီလို သိပေးလိုက်။
ဖောက်ပြန်တယ်လို့ သိတဲ့အသိဟာ ဘုရားရှင်ရဲ့ ဥာဏ်ကို ရတာနော်။
ဘုရားရှင်ကသာ ဖောက်ပြန်ခြင်းဆိုတဲ့ သဘောလေးကို
ပြောပြခဲ့လို့ သူ့သဘောကို နားလည်ရတာ။
ဖောက်ပြန်တယ်လို့ သိလိုက်တဲ့အသိဟာ
သမ္မာ ဒိဋ္ဌိပဲ။ မှန်ကန်သော အယူအဆပဲ။
ဒီလို အသိမှန် အယူအဆ မှန်ကို ရဖို့
ဘုရားရှင်က ဥာဏ်တော်နဲ့ ချပြတော်မူခဲ့တာဖြစ်တယ်။
ယုံယုံကြည်ကြည်နဲ့ ပြတ်ပြတ်သားသားသာ
ဆုံးဖြတ်ချက် ချလိုက်ပါ။ အဲ့ဒီလို ယုံကြည်လိုက်တာကိုက
သဒ္ဓါတရားကို ရတာ။

ယုံယုံကြည်ကြည်နဲ့ ဒီ မှန်ကန်တဲ့ အယူကို ဆုံးဖြတ်ချက်
ချလိုက်နိုင်ခြင်းက သဒ္ဓါနဲ့ ပညာကို ညှိပေးလိုက်တာပဲ။
သဒ္ဓါနဲ့ ပညာ ညီတိုင်း ညီတိုင်း ၀ိပဿနာ မဂ်ဥာဏ်ဖြစ်တယ်။
အဲ့ဒီတော့ နာတိုင် ကျင်တိုင်း ဖောက်ပြန်တဲ့သဘောလေးပါလားလို့
သိပေးလိုက်ပါ။ ကာယာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။
အကယ်၍ နာတဲ့ ကျင်တဲ့ သဘောလေးကို
ခံစားမိတယ်ဆိုရင် စစ်ခနဲ စစ်ခနဲ ရှိန်ခနဲ ရှိန်ခနဲ
ဖြစ်တဲ့ သဘောလေးကို ဥာဏ်နဲ့ စူးစိုက်ကြည့်တတ်ခဲ့ရင်
စစ်ခနဲ မခံသာတဲ့ သဘောလေးဖြစ်ပြီးသွားတိုင်း
နောက်ထပ် စစ်ခနဲ မဖြစ်ခင်မှာ ခံသာတဲ့ သဘောလေး
ဖြစ်သေးတာကို မြင်အောင် ကြည့်တတ်ရင်
ဝေဒနာရဲ့ သဘောလေးက အကျိုးတလှည့် အကြောင်းတလှည့်
ဖြစ်တယ်ဆိုတာကို သိမြင်ခြင်းပဲ ဖြစ်တယ်။
တစစ်နဲ့ တစစ်မှာ ခြားသွားတာလေးတွေရှိတယ်။
စစ်ခနဲ ဖြစ်တဲ့အချိန် မခံသာပေမယ့်
ဖြစ်ခဏမှာရပ်သွားတယ် လျော့သွားတယ်
ခံသာတဲ့ သဘောလေးဖြစ်တယ်
အဲ့ဒီမှာ အကြောင်းတလှည့် အကျိုးတလှည့် ဖြစ်နေပါလားလို့
သိပေးလိုက်ပါ။ ၀ိပဿနာ မဂ်ဥာဏ်ဖြစ်ပါတယ်။
ဒီလို သိပြီး ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတာ
ဘုရားဥာဏ်ကို ဆောင်ယူနိုင်ခြင်းပဲ ဖြစ်တယ်။
ဘုရားရှင်ရဲ့ ဥာဏ်တော်နဲ့ ချပြခဲ့တဲ့
ခန္ဓာရဲ့ သဘောကို သိနေတဲ့ မြင့်မြတ်သူတို့ အလုပ်ကို
လုပ်နေခြင်းပဲ ဖြစ်တယ်။
အမြင်မှန် အယူမှန်နဲ့ တခါ ဆုံးဖြတ်ချက် ချလိုက်တိုင်း
မြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်သွားတယ်။
အင်မတန် တန်ဖိုးရှိပါတယ်နော်။

အသိမှန် အမြင်မှန် အယူမှန်ရင် သမ္မာဒိဋ္ဌိဖြစ်တယ်။
မှန်မှန်ကန်ကန် တွေးတော ကြံစည်နိုင်တဲ့အတွက်
သမ္မာသင်္ကပ္ပဖြစ်တယ်။ ဒီလို သိနိုင်ဖို့ဆိုတာ
ကိုယ့်ခန္ဓာမှာ သတိလေး ကပ်နေလို့ သိနိုင်တာဖြစ်ပြီး။
ဝီရိယထား စောင့်ကြည့်လို့သာ ပြောင်းလဲတဲ့
ဖောက်ပြန်တဲ့ သဘောကို သိနိုင်တာ ဖြစ်တယ်။
ဒီလို သိတာက တည်ကြည်ခြင်းဆိုတဲ့ သမာဓိရှိနေတဲ့
အတွက်ကြောင့်ပါပဲ။
ကိုယ် သိလိုက်တဲ့ အသိလေးတစ်ခုဟာ ပဉ္စင်္ဂိက မဂ်လို့ခေါ်တဲ့
မဂ္ဂင် ငါးပါးနဲ့ ပြည့်စုံသွားတယ်။
ဒီ မဂ္ဂင် ငါးပါးဟာ နိဗ္ဗာန်ကို ပို့ဆောင်ပေးမယ့်
တစ်ကြောင်းတည်းသော လမ်းပါပဲ။
အင်မတန် သိမ်မွေ့ နက်နဲ သလို
အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလှပါတယ်။
လွယ်မယောင်နဲ့ ခက်သလို
တိမ်မယောင်နဲ့လည်း နက်လှပါတယ်။

နာတယ် ကျင်တယ်လို့ သိလိုက်တဲ့ အသိကနေ
ဖောက်ပြန်တယ်လို့ ဆုံးဖြတ်ပေးလိုက်တာနဲ့
သမ္မာဒိဋ္ဌိဖြစ်သွားတယ်။ ကာယာနုပဿနာ သတိပဋ္ဌာန်လည်းဖြစ်တယ်။
စစ်ခနဲ စစ်ခနဲ ခံစားရတဲ့အနေအထားမှာ ခံသာတဲ့သဘော
မခံသာတဲ့ သဘောကို မြင်သိပြီး
အကျိုးတလှည့် အကြောင်းတလှည့်ပါလားလို့
သိလိုက်ခြင်းအားဖြင့် သမ္မာဒိဋ္ဌိဖြစ်တယ်။
ဝေဒနာ နုပဿနာ သတိပဋ္ဌာန်လည်းဖြစ်တယ်။
ဖောက်ပြန်တဲ့ သဘောက ရူပက္ခန္ဓာရဲ့ သဘော။
ခံစားတဲ့ သဘောက ဝေဒနာက္ခန္ဓာရဲ့သဘော။
သူ့သဘောလေးတွေကို သိနိုင်အောင်
ဝီရိယ စိုက်ထုတ်ပြီး စောင့်ကြည့်နေတာက
သင်္ခါရက္ခန္ဓာရဲ့ သဘော။
ပြောင်းလဲတာ ဖောက်ပြန်တာကို မှတ်သိနေတာက
သညာက္ခန္ဓာရဲ့ သဘော။
အဲ့ဒီသဘောလေးတွေကို သိသိ သိသိနေတာက
ဝိညာဏက္ခန္ဓာ ရဲ့ သဘော။
အဲ့ဒီလို ခန္ဓာ ငါးပါးလုံးက တပြိုင်နက် အလုပ်ကိုယ်စီ
လုပ်နေကြတယ်။
ခန္ဓာရဲ့ ဖောက်ပြန်တဲ့ သဘောလေးကို သိနေတဲ့ စိတ်
ခံစားမှု သဘောလေးကို သိနေတဲ့ စိတ်ကလည်း
သိလိုက်ပျက်လိုက် သိလိုက်ပျက်လိုက်နဲ့
ချုပ်ပျောက် ချုပ်ပျောက်နေတယ်။
အဲ့ဒီ သိတဲ့ သဘောလေးဖြစ်တဲ့ စိတ်ကို
မြင်အောင် ကြည့်တတ်ရင်
စိတ္တာနုပဿနာဖြစ်တယ်။
ဒီတော့ ဖောက်ပြန်နေတဲ့ ကာယရဲ့သဘော
ခံစားနေတဲ့ ဝေဒနာရဲ့ သဘော
သိလိုက် ပျက်လိုက် ဖြစ်နေတဲ့ စိတ်ရဲ့သဘောလေးတွေ
အားလုံး ကို စူးစိုက် စူးစိုက်ပြီး ကြည့်တတ်ရင်
ဓမ္မာနုပဿနာဖြစ်ပါတယ်။

ကာယရဲ့ သဘောလေးကိုလည်း သိ
ဝေဒနာရဲ့ သဘောလေးကိုလည်း သိ
စိတ်ရဲ့ သဘောလေးကိုလည်းသိနေခြင်းက
ဓမ္မအာရုံလေးတွေကို နှလုံးသွင်းနေခြင်းဖြစ်လို့
ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ခေါ်ပါတယ်။
ဖောက်ပြန်တဲ့ သဘောလေးတွေကို
နာတယ် ကျင်တယ်လို့ အသိအမှတ်
ကနေ ဖောက်ပြန်တယ်လို့ သိလိုက်ခြင်း။
ခံစားမှု သဘောလေးတွေကို အကြောင်းတလှည့်
အကျိုးတလှည့်လို့ သိလိုက်ခြင်း။
စသည်ဖြင့် မှန်ကန်တဲ့ အယူ အမြင်မျိုးတွေ
တကြိမ်ဖြစ်တိုင်း ဖြစ်တိုင်းမှာ သဒ္ဓါနဲ့ ပညာ
ညီမျှသွားတဲ့အတွက် ၀ိပဿနာ မဂ်ဥာဏ်ကို
ရပါတယ်။ သတိလေးကပ်မိတိုင်း တကြိမ်ရနေရင်
ဆက်ခါ ဆက်ခါ ဆက်ခါ အကြိမ် အရေအတွက်
များလာတာနဲ့ အမျှ ဥာဏ်ရင့်လာပြီး
ဝိပဿနာ မဂ်ဥာဏ်ကနေ လောကုတ္တရာ
မဂ်ဥာဏ်တိုင်အောင် ခရီးပေါက်
ရောက်ရှိသွားမှာဖြစ်ပါတယ်။
နေရင်း ထိုင်ရင်း သွားရင်း လာရင်း စားရင်း သောက်ရင်း
ပြောရင်း ဆိုရင်း သတိကပ်တဲ့ခဏ ဘုရားဥာဏ်ကိုရပြီး
ဥာဏ်ရင့်လာတဲ့အခါ ပုထုဇဉ် နယ်ကနေ အရိယာနယ်ကို
တက်လှမ်းရောက်ရှိသွားမှာ ဧကန်ပါပဲ။
လက်ရှိဘ၀မှာ အရိယာ မဖြစ်အုံးတော့
တမလွန်သုဂတိ နတ်ပြည်ကို ရောက်သွားပြီး
နတ်အရိယာများရဲ့ တရားကို နာကြားရတဲ့ခဏမှာ
နတ်တို့ရဲ့ ဥာဏ်နဲ့ ချက်ချင်းသောတာပန်တည်ပါတယ်။
ဒီလို ပညာသိ သိပြီး ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာ
သဒ္ဓါနဲ့ ပညာ ပါသွားပြီးသားဖြစ်လို့ သုဂတိ လားရာကို
ရောက်ဖို့သာရှိပါတယ်။ ကြီးမားတဲ့ အကုသိုလ်ကံတွေ
ကျူးလွန်ထားခြင်း မရှိရင် အပါယ်ချနိုင်စရာ အကြောင်းကို
မရှိပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ပဉ္စဂ္ဂ ဇနီးမောင်နှံက
သဒ္ဓါတရားလေး တခုတည်းနဲ့ သုဂတိဘ၀ကို
ရကြတာ ကဿပ ဘုရားရှင်နဲ့ ဂေါတမ ဘုရားရှင်
ကြား ကာလ တလျှောက်လုံးပါပဲ။ ကြီးမားတဲ့ အကုသိုလ်
ကံ ကလည်း မရှိတာကြောင့် သဒ္ဓါတရားရဲ့ အထောက်အပံ့က
သုဂတိ လားရာကြီးပဲ ဖြစ်စေ နေပါတော့တယ်။
ခုလို ပညာသိနဲ့ သိလို့ ဆုံးဖြတ်ချက် ချနိုင်ကြတဲ့ သူအဖို့ရာ
အပါယ်ဆိုတာ လားလားမှ မဆိုင်တဲ့ လားရာပါပဲ။
ပညာရဲ့ ကြီးမားတဲ့ အာနိသင်က နောက်တစ်ဘ၀ရောက်တာနဲ့
အရိယာနယ်ကို ခုန်ကူးရောက်ရှိသွားမှာပါ။
ပကတိ သာဝကတွေအတွက် ပါရမီဆိုတာ
တစ်ဘ၀ နှစ်ဘ၀နဲ့တင် လုံလောက်ပါတယ်နော်။
လက်ရှိဘ၀မှာတင် ဆက်ခါ ဆက်ခါ ဥာဏ်ရဲ့
အထောက်အပံ့ကို ယူတတ်ရင် ပုထုဇဉ်နယ်ကနေ
အရိယာနယ်ကို တက်လှမ်းရောက်ရှိသွားနိုင်တယ်။
ဘုရားဥာဏ်ကိုသာ မိအောင် ဆောင်ယူနိုင်ဖို့ အဓိကပါပဲ။
သစ္စာသိတဲ့ ဗောဓိဥာဏ်ဆိုတာ အားပြင်းတဲ့ သံလိုက်ရဲ့ ဆွဲအားနဲ့
ဆွဲယူလိုက်သလိုကို မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းပါတယ်။


ပညာသိနဲ့ ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးကြရင်း
သစ္စာသိသော ဗောဓိဥာဏ်ကို ရကြပါစေ။



***တတိယမြောက် သမီးတော်***

0 comment: