ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, February 19, 2018

**အရိယာ ဖြစ်ကြောင်း ပြောခွင့် ရှိ မရှိ***


ဒီကိစ္စကို သိတဲ့သူများ သိကြပေမယ့် များသောအားဖြင့်တော့ မသိကြဘူး။
မသိပေမယ့် ကိုယ့်ထင်ရာ
ကိုယ်ပြောကြတယ်။
ပြီးတော့ သူများပြောသံကြားလေးကို အဟုတ်ထင်ပြီး ပြောကြတယ်။
တချို့ကတော့ ဆရာတော်ကြီးများ
ပြောတာကြားဖူးပြီး ခိုင်ခိုင်မာမာ
ပြောကြတယ်။ငါတို့ သိတယ် တတ်တယ်။
ငါတို့က ဆရာတော်ကြီးတွေ ပြောတာကို မှတ်ထားတာ။ ဆရာတော်ကြီးတွေ
ကိုယ်တိုင်က မိန့်တာ။
အရိယာဖြစ်ကြောင်းကို မပြောရဘူး။ အရိယာဆိုတာ လူသိမှာစိုးလို့
တိုးတိုးတိတ်တိတ်ပဲ နေတယ်။
အရိယာဖြစ်နေပြီလို့ မပြောအပ်တဲ့ စကားဖြစ်တယ်။
အရိယာ စစ်စစ်တွေက ပြောကို မပြောဘူး။
စသည်ဖြင့်ပေါ့လေ ရဲရဲတောက် ပြောကြတာတွေ တွေ့ရတယ်။

သမီးတော်တို့ကတော့ ဆရာကောင်းကို အမှီရထားတော့ ပြောခွင့်ရှိမှန်း
သိထားခဲ့ပါတယ်။
ရဟန်းတော်များကိုတော့
ဘုရားရှင်က တားမြစ်ထားကြောင်းလည်း နာကြားခဲ့ရပါတယ်။
လူ အရိယာတွေ ပြောကောင်းပါတယ်နော်။
အရိယာ ဆိုမှတော့ ပြောသင့်လို့ ပြောတာပဲ ဖြစ်ရမှာပေါ့။ ပေါပေါပဲပဲတော့ အရိယာ
စစ်စစ်က ဘယ်ပြောပါ့မလဲ။
ဘုရားရှင် ဟောတော်မူထားတာကို ပြန်လည်ပြီး မျှဝေပါ့မယ်နော်။
ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မှာ ဓမ္မာဒါသ ဓမ္မပရိယာယ ကြေးမုံတရား
ဆိုတဲ့ တရားတော်မှာ မြတ်ဘုရားက ဟောတော်မူထားပါတယ်။

**ဓမ္မာဒါသ ဓမ္မပရိယာယကြေးမုံတရား***
၁၅၈။ ။ အာနန္ဒာ ကြေးမုံတရားမည်သော ဒေသနာတော်ကို ဟောကြားပေအံ့။
အကြင်(ကြေးမုံတရား)နှင့် ပြည့်စုံသော အရိယာ သာဝကသည် ပြောကြားလိုပါမူ
“ငါ့ အား ငရဲ၌ ဖြစ်ရန် မရှိပြီ။ တိရစ္ဆာန်ဘုံ၌ ဖြစ်ရန် မရှိပြီ။ ပြိတ္တာဘုံ၌ ဖြစ်ရန် မရှိပြီ။
အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်ရန် မရှိပြီ။ ငါသည် သောတာပန် ဖြစ်ပြီ။
ပျက်စီး ကျရောက်တတ်သော သဘော မရှိပြီ။ ကိန်းသေ မြဲနေပြီ။ အထက်မဂ်
သုံးပါးသာလျှင် လားရာ ရှိတော့၏။” ဟု
**မိမိကိုယ်တိုင်ပင် မိမိ အကြောင်း**ကို
ပြောကြားနိုင်ပေ၏။

၁၅၉။ ။ အာနန္ဒာ အကြင်(ကြေးမုံတရား)နှင့် ပြည့်စုံသော (အရိယာသာဝက)သည်
ငါသည် သောတာပန်ဖြစ်ပြီ။ အထက်မဂ်
သုံးပါးသာလျှင် လားရာရှိတော့၏။ ဟု
**မိမိကိုယ်တိုင်ပင် မိမိ အကြောင်းကို** ပြောကြားနိုင်ပေ၏။
ကြေးမုံတရားမည်သော ထိုဒေသနာကား အဘယ်နည်း။
အာနန္ဒာ ဤသာသနာတော်၌ အရိယာ သာဝကသည် မြတ်စွာဘုရားကို ဥာဏ်ဖြင့် တွေ့မြင်၍(တုန်လှုပ်ခြင်း မရှိသော)
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ထိုမြတ်စွာဘုရားသည် အရဟံ အစ
ဘဂ၀ါ အဆုံး ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူပါပေ၏ ဟု(ဥာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်း မရှိသော
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

တရားတော်ကို ဥာဏ်ဖြင့် တွေ့မြင်၍(တုန်လှုပ်ခြင်း မရှိသော)
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။
မြတ်စွာဘုရား ဟောသော တရားတော်သည် ကောင်းစွာဟောထားသော
တရားတော်ပါပေတည်း။တရားဂုဏ်တော်
ခြောက်ပါးနှင့် ပြည့်စုံပါပေ၏။ ဟု
(ဥာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

သံဃာတော်ကို ဥာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်း မရှိသော)
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏ မြတ်စွာဘုရား၏
တပည့်သား သာဝက သံဃာတော်သည်
ကောင်းသော အကျင့် ရှိပါပေ၏။
သံဃာ့ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံပါပေ၏။
တမလွန်အတွက် ရည်မျှော်သော အလှုကို ခံတော်မူ ထိုက်ပါပေ၏။လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏။သတ္တ၀ါ အပေါင်း၏
ကောင်းမှု ပြုစုရန် အမြတ်ဆုံးလယ်မြေ
ဖြစ်တော်မူပါပေ၏ဟု (ဥာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်း မရှိသော
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။
တဏှာ၏ ကျွန် အဖြစ်မှ ကျွတ်လွတ်စေတတ်
ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော
(မှားယွင်းစွာ) မသုံးသပ် အပ်ကုန်သော
သမာဓိကို ဖြစ်စေတတ်ကုန်သော
မကျိုးမပေါက် မပြောက် မကျားကုန်သော အရိယာတို့ မြတ်နိုးအပ်ကုန်သော
သီလတို့နှင့် ပြည့်စုံ၏။

အာနန္ဒာ အကြင်(ကြေးမုံတရား)နှင့် ပြည့်စုံသော အရိယာ သာဝကသည်
ပြောကြားလိုပါမူငါ့ အား ငရဲ၌ ဖြစ်ရန် မရှိပြီ။
တိရစ္ဆာန်ဘုံ၌ ဖြစ်ရန် မရှိပြီ။ ပြိတ္တာဘုံ၌ ဖြစ်ရန် မရှိပြီ။
အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်ရန် မရှိပြီ။ ငါသည် သောတာပန် ဖြစ်ပြီ။
ပျက်စီး ကျရောက်တတ်သော သဘော မရှိပြီ။ ကိန်းသေ မြဲနေပြီ။ အထက်မဂ်
သုံးပါးသာလျှင် လားရာ ရှိတော့၏။ ဟု
**မိမိကိုယ်တိုင်ပင် မိမိ အကြောင်း**ကို
ပြောကြားနိုင်ပေ၏။”
ကြေးမုံတရားမည်သော ထိုဒေသနာကား ဤသည်ပင်တည်း ဟု (မိန့်တော်မူ၏)။
……
အထက်ပါ ပါဠိတော်လာ အတိုင်း ဘုရားရှင်ဟောတော်မူတာကို
ဖတ်သိ မှတ်သားပြီးရင်တော့ ဘုရားရှင်ဟောတော်မူတဲ့အတိုင်း
ပြောသင့်လို့ပြောကြတဲ့သူတွေ ရှိကြတယ်ဆိုတာကို
လက်ခံသဘောပေါက်နိုင်ပါပြီနော်။
ပြောသင့်လို့ ပြောတယ် အကြောင်းရှိလို့ ပြောတယ်ဆိုတာကို
နားလည် သဘောပေါက်ကြပါစေ။
ဘုရားရှင် ဟောတော်မူထားတာကို သွေဖယ်ပြီး ဘုရားကို ဆန့်ကျင်တဲ့
စကားတော့ မပြောမိကြတာ အကောင်းဆုံးပါပဲ။
မိမိကိုယ်မိမိ ဘာမဆို အတတ်သိသလို ပြောလိုက်ခြင်းက ဘုရားရှင်ကို
ဆန့်ကျင်ရာ ရောက်တတ်လို့ ဆင်ခြင်နိုင်ကြပါစေ။
အခြားသော အကြောင်းအရာများမှာလည်း ဆရာတော်ကြီးများ ဟောပြောတာကို
နာယူခဲ့မိရင် ဆရာတော်ကြီးဟောတာကိုတော့
ဒီလို နာယူဖူးတယ်လို့သာ ပြောသင့်ပါတယ်။ဒါဆိုရင်တော့
အပြစ် မဖြစ်ဘူးပေါ့နော်။ အမှန်ကို ပြောပြတဲ့သူက ကျမ်းကိုး မပေးနိုင်တာနဲ့
သူ့စကားမမှန်ဘူးလို့ တထစ်ချ
မပြောသင့်၊ မရှုတ်ချသင့်၊ မလှောင်ပြောင်သင့်ပါဘူး။
သူပြောတာက ဘုရားဟောနဲ့ ညီနေခဲ့ရင်
ဘုရားရှင်ကို လှောင်ပြောင်ရာပါ ရောက်သွားပါလိမ့်မယ်။
မိမိတို့နဲ့ သဘောထားကွဲလို့ ဆိုလိုမှုတွေလွဲနေခဲ့ရင်
ဘုရားရှင် ဟောတော်မူထားတဲ့အတိုင်း
သုတ် ၀ိနည်း အဘိဓမ္မာများနဲ့ တိုက်ဆိုင်
စစ်ဆေးပြီးမှ ယဉ်ကျေးချိုသာစွာ ပြောဆို
ဆွေးနွေး အသိပညာ မျှဝေပေးသင့်ပါတယ်။
ဒီလို မဟုတ်ပဲ ငါတို့ သိတာ အမှန် နင်တို့ သိတာ အမှား ဆိုပြီး ရိုင်းပြ စော်ကား လှောင်ပြောင်ရှုတ်ချခြင်းတွေ ပြုလုပ်ခြင်းက
တရားတော်ကို လေ့လာပြီး ကျင့်သုံးဆောက်တည်ခြင်း မရှိကြောင်း
ဖေါ်ပြရာရောက်ပါတယ်နော်။
စာပေကျမ်းဂန် တတ်မြောက်ပြီး မိမိကိုယ်ကို နှိမ့်ချတတ်သူများဟာ အင်မတန်မှ ကြည်ညိုစရာကောင်းလှပါတယ်။
စာမာန်တက်ပြီး သူတစ်ပါးကို
ရှုတ်ချတတ်သူများဟာ ဘုရားရှင်ရဲ့သာသနာကို
အရုပ်ဆိုး အကျဉ်းတန်စေပါတယ်။ ယုံကြည်အားထားလိုသူကို
တွန့်ဆုတ် သွားစေပါတယ်။
ယဉ်ကျေးစွာ ပြောဆို ဆွေးနွေးပြီး
အမှန်ကို ချပြပေးခြင်းဖြင့် သူတစ်ပါးကိုလည်း သုတများပါစေ။
သာသနာတော်ကိုလည်း ဆထက်တိုးလို့ ကြည်ညိုနိုင်ဖို့လက်တွဲခေါ်တတ်ပါစေ။
မိမိ တို့ သင်ယူတတ်မြောက်ခြင်းများသည်
ဘုရားရှင်၏ကျေးဇူးတော် အနန္တ ၊
တရားတော်၏ ကျေးဇူးတော်အနန္တ
သံဃာတော်များ၏ ကျေးဇူးတော်အနန္တ
ဆိုတာကို အောင့်မေ့ပြီး
မိမိ သူတစ်ပါးတို့၏ အကျိုးကို ရွက်ဆောင်နိုင်သူဖြစ်အောင်
ကြိုးစားတော်မူကြပါနော်။
ရတနာ သုံးပါး၏ ဂုဏ်ကျေးဇူးကိုပါ
ပျက်စီးအောင် ဖျက်ဆီးမိသူများ မဖြစ်ကြပါစေနဲ့။
မိမိ တတ်သိ နားလည်ထားတဲ့အတိုင်း ကိုယ်တိုင်လည်း
ကျင့်သုံးဆောက်တည်ပြီး ချမ်းသာအောင်ရွက်ဆောင်ကြပါ။
မေတ္တာ ကရုဏာ မုဒိတာတို့ ပွားများပြီး သူတစ်ပါးကိုလည်း
အသိပညာ ဗဟုသုတ ရအောင် တရားတော်ကို မျှဝေကြပါ။
ငါသိ ငါတတ် ငါတော်ဆိုပြီး သူတို့ သိတာ အမှားလို့
ရှုတ်ချ ကဲ့ရဲ့ လှောင်ပြောင်ခြင်းတွေ မပြုမိအောင် ဆင်ခြင်တော်မူကြပါ။
ဘာသာ သာသနာနှင့် စပ်ဆိုင်သမျှ ဘုရားရှင် အလိုတော်ကျ ဖြစ်အောင် ကြိုးစား
အားထုတ်တော်မူကြပါလို့
မေတ္တာရှေ့ထားလို့ တိုက်တွန်းပါတယ်နော်။


မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်တော်မူနိုင်ကြပါစေရှင်။





***တတိယမြောက် သမီးတော်***

0 comment: