ပညာသိ သိဖို့ ဆရာသမားရဲ့လမ်းညွှန်မှုလိုပါတယ်။
ငါ့ကိုယ် ငါ့ဟာလိုထင်မြင်နေတဲ့မိမိတို့ရဲ့ခန္ဓာဟာ
ပထဝီ၊တေဇော၊ဝါယော၊အာပေါလို့ခေါ်တဲ့
ဓာတ်ကြီး(၄)ပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့
အထည်တစ်ခုသာဖြစ်ပါတယ်။
ကိုယ်ပိုင်ကိုယ်ဆိုင်ရယ်လို့ တစ်ခုမှမပါပါဘူး။
သူဖြစ်ချင်တာဖြစ်နေမှာပါ။ ကိုယ်ပိုင်ကိုယ်ဆိုင်အနေနဲ့
ဒီလိုဖြစ်ပါလို့လည်းပြောလို့မရသလို
ဟိုလိုမဖြစ်ပါနဲ့လို့လည်း တားမြစ်လို့မရပါဘူး။
မြဲတဲ့သဘောလည်း မရှိပါဘူး။ သူ့ရဲ့ပင်ကိုယ်သဘောအရ
မမြဲခြင်းတွေသာရှိပါတယ်။
သေသွားရင်ပြတ်သလားဆိုတော့လည်း မပြတ်ပါဘူး။
မိမိတို့ပြုခဲ့တဲ့ကံရဲ့အထောက်အပံ့နဲ့ နောက်ခန္ဓာ
အသစ်တစ်ခု ထပ်ပြီးတော့ရလာအုံးမှာဖြစ်ပါတယ်။
ဘယ်အရာမှအကြောင်းမဲ့သက်သက်မဖြစ်သလို
ဘယ်အရာမှ အကျိုးပေးမလာဘူးဆိုတာမရှိပါဘူး။
အကြောင်းတရားတိုင်းမှာအကျိုးတရားက
ရောက်လာမှာဖြစ်သလို အကျိုးတရားတိုင်းကလည်း
အကြောင်းတရားရှိလို့ ဖြစ်လာတာပါ။
ဒီတော့ အကျိုးတရားတွေမလာတော့အောင် ရပ်တန့်လိုက်ရအောင်ပါ။
အကျိုးတရားမလာအောင်ရပ်တန့်ဖို့ဆိုတာ
အကြောင်းတရားကို အဆုံးသတ်မှရပါမယ်။
အကြောင်းတရားကိုအဆုံးသတ်ဖို့ ပညာနဲ့စောင့်ကြည့်ရပါမယ်။
ဘယ်ဓမ္မလေးပဲပေါ်ပေါ်၊ ပေါ်တာကိုပေါ်မှန်းသိလိုက်ပါ၊
အဓိက သိရမှာက ပေါ်တာကိုပေါ်မှန်းသိဖို့ပဲ။
ပေါ်လာတဲ့ဓမ္မကို သတိနဲ့စောင့်ပြီးစူးစိုက်ကြည့်နေပါ။
မြဲတာကိုမြင်သလား။မမြဲတာကိုမြင်သလား။
မြဲတဲ့သဘော၊မမြဲတဲ့သဘော ကိုနားလည်ဖို့အတွက်
ဆရာသမားရဲ့လမ်းညွှန်မှုကိုလိုအပ်ပါတယ်။
ဒါကပညာပိုင်းဖြစ်တဲ့အတွက် ဘုရားရှင်ကလွဲရင်
ဘယ်သူမှ မမြင် မသိ မရနိုင်ပါဘူး။
ခန္ဓာမှာပေါ်လာတဲ့ ဓမ္မ မှန်သမျှ ဘယ်လိုဓမ္မပဲပေါ်ပေါ်
လက္ခဏာရေး(၃)ပါးနဲ့မြင်အောင်ရှုမှတ်ရပါမယ်။
ပေါ်တာပေါ်မှန်းသိနေရုံနဲ့ ဝိပဿနာမဖြစ်ပါဘူး။
ခန္ဓာမှာပေါ်သမျှ ဓမ္မမှန်သမျှကို လက္ခဏာရေး(၃)နဲ့
မြင်အောင်ကြည့်ပေးတတ်မှ ဝိပဿနာမည်ပါတယ်။
ဖြစ်တာကိုလည်းသိ၊ပျက်တာကိုလည်းသိ၊
အစိပ်စိပ်ရှုမှတ်ပေးခြင်းကြောင့်
သတိပဋ္ဌာန်(၄)ပါးနဲ့ ကိုက်ညီပါတယ်။
သတိပဋ္ဌာန်း(၄)ပါးနဲ့ကိုက်ညီအောင်
ဓမ္မအာရုံတွေကိုနှလုံးသွင်းနိုင်မှ သစ္စာဆိုက်ပြီး
မဂ္ဂင်(၈)ပါးနဲ့ ပြည့်စုံပါတယ်။
ဝိပဿနာဆိုတာ ရှိရာမှမရှိရာသို့သိခြင်းကိုခေါ်ပါတယ်။
ဓမ္မလေးတစ်ခုပေါ်လာတယ်၊ပေါ်လာတဲ့ဓမ္မလေးကို
သိလိုက်တဲ့ အချိန်မှာ အဲ့ဒီဓမ္မလေးကမရှိတော့ဘူး။
ဒါကသူ့ရဲ့သဘောတရားအမှန်ပဲ။
ဓမ္မတွေကပေါ်ပြီးတာနဲ့ပျောက်သွားတယ်။
ဖြစ်ပြီးတာနဲ့ပျက်သွားတယ်။သူ့ရဲ့သဘာဝတရားအမှန်ပဲ။
သဘာဝတရားကိုသိရင် မဂ်ရတယ်ဆိုတာသိထားပါ။
အဲ့ဒီသဘာဝတရားကိုပဲမြင်အောင်ကြည့်ရမှာပါ။
သဘာဝတရားကိုကြည့်တဲ့အခါအပြည့်အစုံ
မြင်သိအောင်ကြည့်ပါ။
ဒီတော့ ပညာသိဆိုတာ ဓမ္မကိုဓမ္မလို့သိတာ ၊
ဓမ္မမှန်သမျှပေါ်ပြီးတာနဲ့ပျက်တာ မမြဲတာကိုသိတာ ၊
ကိုယ်ပိုင်ကိုယ်ဆိုင်တွေ မဟုတ်တာကိုသိတာ ၊
သူ့သဘောသူဆောင်နေတာကိုသိတာ ၊
လိုချင်စရာ၊တပ်မက်စရာ ဘာမှမရှိတာကိုသိတာ၊
ဒီလိုသိတဲ့နေရာမှာ.....
သညာသိ၊ဝိဉာဏ်သိ၊ပညာသိဆိုပြီး (၃)မျိုးရှိပါတယ်။
ပထမဆုံးလေ့လာဆည်းပူးပြီး သညာသိနဲ့
အရင်သိထားရမယ်။ဘာဝနာအားထုတ်မှုကို
ထပ်ကာထပ်ကာ ကြိုးကုတ်ရင်း ဝိညာဏ်သိဖြစ်အောင်
လုပ်ရမယ်။ ဝိညာဏ်သိ ကိုရောက်ပြီဆိုရင်တော့
ဝိပဿနာဥာဏ်စဉ်အားဖြင့်
အတော်ကိုအဆင့်ရောက်နေပြီဆိုတာသိလိုက်ပါ။
ဝိညာဏ်သိအဆင့်မှာ ရပ်မနေပဲ ကြိုးစားအားထုတ်ရင်တော့
ပညာသိအဆင့်ကိုရောက်ရှိပြီး အရိယာနယ်ကိုတက်လှမ်း
ရောက်ရှိသွားပါပြီ။
ဝိမုတ္တိသုခနယ်ထဲကိုရောက်သွားလို့ အပါယ်တံခါးလည်း
အပြီးပိတ်ပါပြီ။ဝိမုတ္တိသုခနဲ့မပြည့်စုံသေးသော်လည်း
သူ့နယ်ထဲကိုရောက်တော့ သူ့အေးရိပ်ကို
ခံစားခွင့်ရသွားပါတယ်။
ပညာသိ သိကြသော ဘုရားရှင်မှအစပြုလို့သူတော်ကောင်းကြီး
များက ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်းမျှဝေခဲ့တဲ့
ပညာရပ်တွေကို သညာသိနဲ့အရင်ဆုံးသိပြီး
ကျင့်ကြံအားထုတ်လို့ ပါရမီဖြည့်လိုက်ပါ။ သညာသိကနေပါရမီဖြည့်ကျင့်ရင်း
ဝိညာဏ်သိအဆင့်ကိုဆက်လှမ်းလိုက်ပါ။ ဝိညာဏ်သိကို
သိပြီးရင်တော့ ပညာသိကိုရောက်ရှိဖို့ အဓိပတိတပ်ပြီး
ဆက်လက် အားထုတ်ကြပါလို့ တိုက်တွန်းပါတယ်နော်။
..ပါရမီဖြည့်ကျင့်လျှက်သစ္စာသိသော
အရိယာသူတော်ကောင်း အစစ်ကြီးများဖြစ်ကြပါစေ..။
*****တတိယမြောက်သမီးတော်*****
၂၀၁၈ ခုနှစ် ဇွန်လ(၅)ရက်။
0 comment:
Post a Comment