ဝဋ်ကို ဝဋ်မှန်းသိပါ။
ဝဋ် က ဝဋ် ပါပဲ
ဒါပေမယ့်..
ဝဋ် ကိုဝဋ် မှန်းလူတိုင်းမသိကြဘူး။
လိုချင်လို့ရတာပဲဖြစ်ဖြစ်
မလိုချင်ပဲရတာဖြစ်ဖြစ် ဝဋ်ပါပဲ။
လူတွေက အကောင်းလောကဓံဆိုရင်
ကံအကျိုးပေးကောင်းတယ်လို့ယူတယ် ဝဋ်လို့မသိဘူး။
အဆိုးလောကဓံနဲ့ကြုံမှဝဋ်ကြွေးလို့ထင်ကြတာ။
တကယ်တော့ ခန္ဓာရတယ်ဆိုရင်
ဝဋ်ခံနေကြရတာချည်းပါပဲ။
ခန္ဓာရတယ်ဆိုတာကိုက
အဝိဇ္ဇာနဲ့တဏှာကြောင့်ပါ။
အဝိဇ္ဇာနဲ့တဏှာကြောင့်ရတာမှန်သမျှ
ဝဋ်ပါပဲ။
သုဂတိခန္ဓာကိုရတာလည်းအဝိဇ္ဇာနဲ့တဏှာကြောင့်။
ဒုဂ္ဂတိခန္ဓာကိုရတာလည်းအဝိဇ္ဇာနဲ့တဏှာကြောင့်။
သာမာန်အားဖြင့်တော့ သုဂတိဘုံကို
ရောက်တာ ကုသိုလ်အကျိုးပေးလို့ပြောကြပေမယ့်
အဝိဇ္ဇာနဲ့တဏှာကြောင့်ရတာဖြစ်လို့
အကုသိုလ်အကျိုးပေးလို့ပြောရမှာပဲဖြစ်တယ်။
အဝိဇ္ဇာနဲ့တဏှာဆိုတာ အကုသိုလ်တရားတွေပါ။
အနာဂါမ်အရိယာတောင်မှ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့အကုသိုလ်တရားတွေကျန်နေသေးလို့ ခန္ဓာထပ်ရတာ။
အဝိဇ္ဇာနဲ့တဏှာဆိုတဲ့အကုသိုလ်တရားတွေ
ကုန်သွားရင်ခန္ဓာထပ်ရဖို့မရှိတော့ပါဘူး။
အဝိဇ္ဇာ၊တဏှာနဲ့ဥပါဒါန် က ကိလေသဝဋ်
သင်္ခါရ နဲ့ကမ္မဘဝက ကမ္မဝဋ်
ရနေတဲ့ခန္ဓာငါးပါးနဲ့ ဇာတိ၊ဇရာ၊မရဏက
ဝိပါကဝဋ်
အကောင်းလောကဓံနဲ့သာယာနေတာဖြစ်ဖြစ်
အဆိုးလောကဓံနဲ့ကြုံနေတာဖြစ်ဖြစ်
ခန္ဓာရတာကိုကဝဋ်ခံနေရတာ။
ဝဋ်ဆိုတာကို ဝဋ် လို့သိပြီလား။
အဝိဇ္ဇာနဲ့တဏှာကြောင့်ခန္ဓာရတာချင်းတူပေမယ့် အသိဥာဏ်နဲ့ယှဉ်ပြီး
ကောင်းရာမွန်ရာလုပ်သင့်လုပ်ထိုက်တာကို
လုပ်ခွင့်ရတာ လုပ်နိုင်တာက သုဂတိဘုံသား
တွေဖြစ်လို့ သာလွန်ကောင်းမွန်တယ်။
သို့သော်ဒီလိုအကောင်းလောကဓံနဲ့ဝဋ်ကို
သာယာနေရုံနဲ့ လူစင်စစ်မဖြစ်ပါဘူး။
အသိဥာဏ်ယှဉ်တဲ့အလုပ်တွေ လုပ်ဖို့
ခွဲခြမ်းစိပ်ဖြာပြီးသိသင့်တာတွေကို သိဖို့
လုပ်သင့်တာတွေကိုလုပ်ဖို့ရွေးချယ်နိုင်မှ
လူစင်စစ်ဖြစ်ပါမယ်။
ကိလေသဝဋ်ရယ်
ကမ္မဝဋ်ရယ်
ဝိပါကဝဋ်ရယ်
ဝဋ်သုံးပါးလည်နေတဲ့သဘောကို
သိနားလည်အောင်လုပ်ပါ။
ဝဋ်ကို ဝဋ်မှန်း မသိရင်ဝဋ်ကလွတ်ဖို့
ကြံစည်မိမှာမဟုတ်ဘူး။
ကြံစည်မှ ဒုက္ခလို့သိလာမှာ
ဒုက္ခလို့သိလာရင်ဒုက္ခကိုပယ်ဖို့အားထုတ်မယ်
ဒုက္ခပယ်ဖို့အားထုတ်မှငြိမ်းအေးချမ်းသာခြင်းကိုရမယ်။ငြိမ်းအေးချမ်းသာခြင်းကိုရဖို့အတွက်လုပ်ရမယ့်အလုပ်ကို
လုပ်ဖြစ်အောင် လုပ်လာကြမယ်။
ဒါကြောင့်မို့...
ဝဋ်ကိုဝဋ်မှန်းသိပါ။
ဝဋ်ကိုဝဋ်မှန်းမသိရင် မိတ္တဝိန္ဒကလိုပဲ
ဓားစကြ်ာကိုပဒုမ္မာကြာပန်းလို့ထင်ပြီး
ဝမ်းသာအားရလိုချင်ရချင်နေမိပါအုံးမယ်။
အရိယာတွေမှာ
သောတာပန်အရိယာက ဥာဏ်မျက်စိအလင်းရသွားပြီး
မျက်တောင်မွှေး တဆုံးစာလောက်မြင်တယ်။
သကဒါဂါမ်အရိယာကတစ်လံလောက်မြင်တယ်။
အနာဂါမ်အရိယာကမျက်စိတစ်ဆုံးမြင်တယ်။
ရဟန္တာဖြစ်သွားရင်တော့အကုန်မြင်တယ်။
ဒါကဥပမာအနေနဲ့ပြောတာပါ။
ရဟန္တာမြင်သလောက်ကိုအနာဂါမ်ကမမြင်ဘူး။
အနာဂါမ်မြင်သလောက်ကိုသကဒါဂါမ်ကမမြင်ဘူး။
သကဒါဂါမ်မြင်သလောက်ကိုသောတာပန်ကမမြင်ဘူး။
သောတာပန်မြင်သလောက်ကိုပုထုဇဉ်ကမမြင်ဘူး။
မမြင်တဲ့သူကိုမြင်တဲ့သူကပြောပြတဲ့အခါ
ယုံတဲ့သူလည်းရှိတယ်။မယုံတဲ့သူလည်းရှိတယ်။
မမြင်ရတဲ့သူဆိုတာ သူများပြောသံပဲကြားရတော့
မှန်တာကိုယုံမိတာလည်းရှိမယ်။
မမှန်တာကိုယုံမိတာလည်းရှိမယ်။
ကိုယ်တိုင်မြင်ပြီးသွားမှ မှန်တယ်မမှန်ဘူးဆိုတာ အတိအကျဆုံးဖြတ်နိုင်ပါတယ်။
ဥာဏ်မျက်စိအလင်းရ၍
ကိုယ်တိုင်မြင်သိသူများဖြစ်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(7.7.2018)
ဝဋ်ကို ဝဋ်မှန်းသိပါ*(၂)**
ဝဋ်ကိုဝဋ်မှန်း မသိတော့
ဝဋ်မှာပျော်တဲ့ ဝဋ်ပျော်လေးတွေ
ဝဋ်ကောင်လေးတွေဖြစ်တာပေါ့။
ဝဋ်ပျော်လေးတွေဖြစ်တော့ မာမာအေးနဲ့အတူတူ သံသရာကိုဆွဲဆန့်ပြီး ဘယ်လောက်ရှည်ရှည် ကျင်လည်ကြတာပေါ့။
ကိုယ်ရထားတဲ့ ရာထူး၊ စည်းစိမ်၊ ဥစ္စာ တွေအပေါ်မှာယစ်မူးမယ်(ကာမာသဝ)။
ကိုယ်ရထားတဲ့ဘဝလေးကိုကျေနပ်သာယာနေမယ်(ဘဝါသဝ)။၊ကံအကျိုးပေးကောင်းနေတော့ ငါကွဆိုပြီး သာယာနေမယ်(ဒိဋ္ဌာသဝ)။
ခန္ဓာရတာဒုက္ခသစ္စာပါလားလို့မသိပဲ
ကိုယ်ရထားတဲ့ဘဝ၊ကိုယ်ရထားတဲ့စည်းစိမ်
ဥစ္စာ အပေါ်မှာ သာယာယစ်မူးနေမယ်
(အဝိဇ္ဇာသဝ)။
ဒီအာသဝတရားလေးပါးဆိုတဲ့စိမ်ရည်ထဲမှာ
ယစ်မူးရင်းကျင်လည်တစ်ဘဝသာကုန်သွား
တယ် သစ္စာတရားဆိုတာဘာမှန်းကို
မသိလိုက်ကြဘူး။
ဘုရားရှေ့သွားပြီး အသဝေါတရားလေးပါး
တို့၏ကုန်ရာကုန်ကြောင်းဖြစ်သော
မဂ်ဥာဏ်ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန်ကိုလျှင်မြန်
စောစွာရောက်ရပါလို၏အရှင်ဘုရားလို့
ဆုတွေတောင်းနေတာ ပါးစပ်ကနေအမြုပ်
တွေထွက်မတတ်ပဲ။
သာသနာထွန်းကားချိန်နဲ့ကြုံလို့
စာပေပညာရှင်များရေးထားတဲ့ဘုရားရှိခိုးကို
အလွတ်ကျက်ပြီးလိုက်သာရွတ်တယ်။
အာသဝတရားလေးပါးဆိုတာဘာမှန်းလည်း
မသိ။သိအောင်လည်းမကြိုးစား။
အာသဝတရားတွေထဲမှာပဲ ယစ်မူး
အချိန်ကုန်ပြီး ဝဋ်လည်ကြောင်းတွေပဲ
လုပ်ရင်း ဝဋ်ကောင်လေးဘဝမှာပျော်နေကြတယ်။
ဝဋ်လည်နေမှန်းလည်းမသိ။
အာသဝတရားလေးပါးနဲ့ကျင်နေမှန်းလည်းမသိ။ ခန္ဓာရတာ ဒုက္ခသစ္စာဆိုတာလည်းမသိ။
မသိခြင်းဆိုတဲ့ အဝိဇ္ဇာက ဦးဆောင်ပြီး
တဏှာကခြယ်လှယ်ချင်တိုင်းခြယ်လှယ်
လိုက်တာ သံသရာရဟတ်ကြီးက တပတ်ပြီး
တစ်ပတ်လည်လို့။
အဲ့ဒါသည်ပင် မူလနှစ်ဖြာပါပဲ။
အဝိဇ္ဇာနဲ့တဏှာက အရင်းခံပြီး
အပင်မှမျိုး၊မျိုးမှအပင်၊အမျှင်မပြတ်
ဆက်စပ် ကျင်လည်နေလိုက်တာ
ဒုက္ခသစ္စာခန္ဓာ အပင် ကြီးထွား လာလိုက်
သမုဒယသစ္စာ မျိုးစေ့လေးကြဲချလိုက်
ဒီသစ္စာနှစ်ပါးနဲ့လုံးထွေးပြီး ဝဋ်ပျော်
ပျော်နေကြပါတော့တယ်။
ဘုရားရှင်ရဲ့အဆုံးအမတွေလည်းမနာကြား
မလေ့လာဖူးတော့ အတိတ်ဘဝရှိမှန်းလည်းမသိ။
အနာဂတ်ဘဝ ရှိမှန်းလည်းမသိ။
လက်ရှိရနေတဲ့ခန္ဓာကိုဒုက္ခသစ္စာမှန်းလည်းမသိ။
အတိတ်ကအကြောင်ကိုလည်းမသိ။
ပစ္စုပ္ပန်အကျိုးကိုလည်းမသိ။
ပစ္စုပ္ပန်မှာပြုနေမိတဲ့အကြောင်းတရားကိုလည်းမသိ။
အနာဂတ်မှာရလာမယ့်အကျိုးတရားကိုလည်း
မသိနိုင်အောင် အဝိဇ္ဇာဆိုတဲ့အမှောင်ကြီးက
ဖုံးအုပ်ပြီး တဏှာကလှည့်စားနေလိုက်တာ
ဝဋ်ကောင်လေးတွေဖြစ်နေမှန်းလည်းမသိဘူး။ ငါကောင် သူကောင်နဲ့ ကိုယ့်ကိုကိုယ်
ထင်ချင်ရာအကောင်ထင်နေတော့တာ။
ဝဋ်ခံနေရတာကိုဝဋ်ခံနေရမှန်းမသိတော့
အဆိုးနဲ့တွေ့တွေ့ အကောင်းနဲ့တွေ့တွေ့
ပျော်ပျော်နေဖို့ပဲ တွေးကြတယ်။
ဒုက္ခတွေကိုမေ့ထားပြီးပျော်ပျော်နေ
လိုက်တော့ဝဋ်ခံရတာကိုလည်းမသိတော့ဘူးပေါ့။သံဝေဂဥာဏ်ဝင်ဖို့လည်းမကြံစည်နိုင်တော့ဘူး။
ဝဋ်ကိုဝဋ်မှန်းသိရင် ကံ ကံရဲ့အကျိုးပေး
ကိုလည်း ဆင်ခြင်လာတယ်။ အဆိုးလောကဓံ
ကိုကြုံတဲ့အခါမှာဆင်ခြင်နိုင်မှ အသိဥာဏ်က
ဝင်ပါတယ်။အကောင်းလောကဓံဆိုတာ
အင်မတန် ယစ်မူးဖွယ်ကောင်းလွန်းလို့
သံဝေဂဥာဏ်ဝင်ဖို့ခက်တတ်ပါတယ်။
အဆိုးလောကဓံနဲ့ကြုံတဲ့အခါ ကုသိုလ်တွေ
နည်းခဲ့လို့ အကုသိုလ်တွေပြုခဲ့လို့ ဒီလိုအဆိုး
လောကဓံနဲ့ကြုံရပါလား ကိုယ်ပြုခဲ့မိတဲ့
အတိုင်း အကျိုးပြန်ရပါလား လို့ဆင်ခြင်တတ်
မှဥာဏ်ယှဉ်တဲ့အသိဖြစ်ပါတယ်။
တိဟိတ်ပုဂ္ဂိုလ်များ သိစွမ်းတဲ့ဥာဏ်ပါပဲ။
အဆိုးလောကဓံနဲ့ကြုံတဲ့အချိန်မှာ
ဘာမှမဖြစ်ဘူး ပျော်ပျော်နေဆိုပြီး
မေ့မေ့လျော့လျော့ပျော်ပျော်
နေလိုက်တယ်ဆိုရင် အသိဥာဏ်နဲ့မယှဉ်တဲ့
ဒိဋ္ဌိပျော် ပျော်နေခြင်းဖြစ်လို့ တိဟိတ်ပုဂ္ဂိုလ်
များရဲ့ဥာဏ်မဟုတ်ပါဘူး။ တချို့က
ဘယ်သူမှမပြောပဲကိုယ့်ဘာသာဆင်ခြင်
တတ်ကြတယ်။တချို့ကပြောပြရင်ဆင်ခြင်
တတ်တယ်။တချို့ကတော့ကိုယ့်ဘာသာလည်း
မဆင်ခြင်တတ်သလို သူတစ်ပါးက
ပြောပြလည်း နားလည်နိုင်စွမ်းမရှိ
လက်ခံနိုင်ခြင်းလည်းမရှိကြဘူး။
ဒါဟာ တိဟိတ်နဲ့ဒွိဟိတ်ရဲ့ခြားနားခြင်းတွေ
ပါပဲ။ ဘာပဲဖြစ်ဖြစ်ပျော်ပျော်နေလိုက်ဆိုတာက
ဒွိဟိတ်ဥာဏ်တွေပါ။ တကယ်တမ်းခန္ဓာရဲ့
အကျိုးပေးခြင်းသဘော၊ကံရဲ့အကျိုးပေးခြင်းသဘောကိုနှိုင်းယှဉ်ပြီး ကုသိုလ်၊အကုသိုလ်
တို့အကျိုးပေးရာသဘောကိုပြောပြခြင်း၊
ဆင်ခြင်ခြင်းက တစ်ခါဆင်ခြင်မိတိုင်း
တစ်ခါအသိဥာဏ်တိုးပြီး မိမိတို့ရဲ့ဥာဏ်ကို
ရင့်သန်လာစေဖို့ပါရမီဖြည့်ရာရောက်ပါတယ်။
ဝဋ်ကောင်လေးဘဝနဲ့ဝဋ်ပျော်ပျော်ပြီး
မေ့မေ့လျော့လျော့နေနေတာထက်
ဝဋ်ကိုဝဋ်မှန်းသိလိုက်တာက သံဝေဂဥာဏ်ကို
ရင့်သန်စေလို့ ပါရမီမြောက်ပါတယ်။
သံဝေဂဥာဏ်ဆိုတာက သံသရာဘေးကို
ကြောက်ရွံ့သောဥာဏ် တဲ့။
ဝဋ်ကို ဝဋ်မှန်းသိသောအားဖြင့်
သံဝေဂဥာဏ်ရင့်သန်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(9.7.2018)
ဝဋ်ကိုဝဋ်မှန်းသိပါ...(၃)
ဝဋ်ကိုဝဋ်မှန်းသိတော့ သံဝေဂဥာဏ်ရင့်သန်စေပါတယ်။
သံဝေဂဥာဏ်ဆိုတာ သံသရာဘေးကိုကြောက်ရွံ့သောဥာဏ်တဲ့။
သံသရာဆိုတာက အိုနာသေ ဆက်ကာဆက်ကာဖြစ်တာကို သံသရာလို့ခေါ်ပါတယ်။
သံဝေဂဥာဏ်ရင့်လာတော့ အိုနာသေ သံသရာက လွတ်ချင်လာတယ်။ ခန္ဓာ့ဝဋ်ကလွတ်ချင်လာတယ်။
သံဝေဂမပါရင် တရားမရှာနဲ့လို့ ပြောစကားရှိတယ်။
သံဝေဂဥာဏ်က တရားအလုပ်ကို ကြိုးစားအားထုတ်ဖို့ တွန်းအားပါပဲ။
သစ္စာတရားကိုရှာဖွေရာမှာ တစ်ချို့က အိုနာသေဒုက္ခသစ္စာဆိုတာကိုလက်ခံတယ်။
ဘုရားတရားကိုယုံကြည်မှုလည်းရှိတယ်။
သို့သော် သံဝေဂမပါတော့ လေ့လာတယ်၊အားထုတ်ကြည့်တယ်၊ ထိထိမိမိပြင်းပြင်းထန်ထန်မရမနေမလုပ်ဖြစ်ဘူး။
လုပ်သင့်တဲ့အလုပ်တစ်ခုအနေနဲ့ အာစိဏ္ဏကံ ကုသိုလ်အနေနဲ့ သာသနာနဲ့ကြုံတဲ့အခိုက်ကြိုက်လိုက်တာပဲရှိတယ်။
သံသရာကို တကယ်ကြောက်သွားတာမဟုတ်ဘူး။
ဒါကြောင့် တရားအားထုတ်ကြပေမယ့် ထိထိရောက်ရောက် အားပါပါ မဖြစ်ကြဘူး။
အချိန်အကြာကြီးအားထုတ်နေရတယ်။
တကယ်တော့တရားအားထုတ်တယ်ဆိုတာ
တသက်လုံးလုပ်ရမယ့်အလုပ်မျိုးမဟုတ်ဘူး။
တစ်မဂ်တစ်ဖိုလ်ရပြီးရင်ဆက်အားမထုတ်ပဲ နေလိုက်လို့ရတယ်။ ဝိမုတ္တိသုခနဲ့ မပြည့်စုံသေးပေမယ့် ဝိမုတ္တိနယ်ထဲကို ရောက်ထားပြီး ဖြစ်လို့စိတ်ချရပါပြီ။
ဝိသာခါတို့၊အနာထပိဏ်သူဋ္ဌေးတို့ကိုပဲကြည့်၊
တစ်မဂ်တစ်ဖိုလ်ရပြီး ကာမဂုံခံစားနေတာ
မဂ်ဖိုလ်က ယုတ်လျော့တာမှမရှိပဲ။
သံသရာကိုဖြတ်ထားပြီးသား။ရေသောက်မြစ်ကို
ဖြတ်ထားပြီးသားသစ်ပင်လိုပဲ ဆက်ပြီး ရှင်သန်ကြီးထွားစရာ အကြောင်းမရှိတော့ဘူး။
တစ်မဂ်တစ်ဖိုလ်ရအောင် ထိထိမိမိအားထုတ်ထား
ပြီးရင် စိတ်အေးလက်အေးနေလို့ရပြီ။
ကိုယ့်သံသရာကို ကိုယ်စိတ်ချလို့ရပြီ။
အပါယ်ကိုမရောက်တော့ဘူး။
နိဗ္ဗာန်ကိုမျက်မှောက်ပြုထားပြီ။
ဥာဏ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ပဲလိုပါတယ်။
ဆင့်ကဲဆင့်ကဲဥာဏ်ကတိုးတက်လာတယ်။
ဒါကြောင့် ဝဋ်ကိုဝဋ်မှန်း သိရာကနေ ဥာဏ်က
ဆင့်ကဲဆင့်ကဲ တိုးသိ လာရာက ခန္ဓာ့ဝဋ်က လွတ်မြောက်လိုတဲ့ဆန္ဒတွေဖြစ်လာတယ်။
အကြိမ်ကြိမ်ဆင်ခြင်ရင် ဥာဏ်ကတိုးလာတာပဲ။
သမထပဲလုပ်လုပ် ဝိပဿနာပဲလုပ်လုပ် အကြိမ်ကြိမ် ဆင်ခြင်ခြင်းအားဖြင့်ပွားများရသလိုပဲ၊
ဝဋ်ကိုဝဋ်မှန်းသိတာကလည်း အကြိမ်ကြိမ် ဆင်ခြင်ရင်းက သံဝေဂဥာဏ်ရင့်သန်လာစေပါတယ်။
သံဝေဂဥာဏ်ရင့်မှ တရားအလုပ် အားထုတ်ရာမှာ
ထက်သန်စူးစိုက်မှုရှိတယ်။
ခန္ဓာရတာဒုက္ခသစ္စာပါလို့ ဘုရားရှင်ကဟောခဲ့တယ်။
ဆရာတော်များက တဆင့်ထပ်ဟောတယ်။
ဒီခန္ဓာဒုက္ခသစ္စာကို မြင်အောင်ကြည့်ဖို့ကိုတော့ ဆရာကောင်းရဲ့
လမ်းညွှန်ပြသမှု လိုအပ်ပါတယ်။
အရိယာပုဂ္ဂိုလ်တွေမြင်သလို လွယ်လွယ်ကူကူထင်ထင်ရှားရှား
မြင်သိဖို့ဆိုတာ တော်ရုံဥာဏ်နဲ့မရပါဘူး။
သမာဓိအားကောင်းတဲ့သူ ဥာဏ်ထက်တဲ့သူမှမြင်နိုင်ပါတယ်။
သမာဓိအားကောင်းအောင်၊ဥာဏ်ထက်အောင်လည်း
သမထ၊ဝိပဿနာ ကျင့်ကြံပြီးဖြည့်ဆည်းရပါတယ်။
သံသရာမှာ သမထ အားထုတ်ဖူးရင်လည်း သမာဓိရလွယ်ပြီး
ဥာဏ်ထက်ကြတယ်လို့ဆိုပါတယ်။
ဥာဏ်ထက်တဲ့သူဟာ ဟုတ်တိုင်းမှန်ရာကိုသိနိုင်စွမ်းတဲ့
ယထာဘူတဥာဏ်ကိုရပါတယ်။
ဝဋ်ကိုဝဋ်မှန်းသိပြီး သမထ ဝိပဿနာတရားအားထုတ်ဖို့
သံဝေဂဥာဏ်နဲ့ဆင်ခြင်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(21.7.2018)
ဝဋ်ကိုဝဋ်မှန်းသိပါ......(၄)
ဝဋ်လို့ပြောရင် အဆိုးလောကဓံနဲ့
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်နေမှ
ဝဋ်လို့ထင်ကြတယ်။
နှစ်သက်ဖွယ် ကာမဂုံအာရုံတွေနဲ့
မွေ့လျော်နေတဲ့အခါ ဝဋ်ဆိုတာကိုရှာမတွေ့နိုင်ကြဘူး။
လိုချင်တပ်မက်ဖွယ်သောအာရုံတွေကို
ခံစားမွေ့လျော်ရင်း ထပ်ပြီးထပ်ပြီး လိုချင်ရချင်တဲ့ ဆန္ဒ
လောဘနဲ့ ခန္ဓာ့ဝဋ်ကို မမြင်မတွေ့နိုင်ကြပါဘူး။
ဒါကြောင့်လည်း ပဋိစ္စသမုပ္ပဒ်မှာ အဝိဇ္ဇာနဲ့တဏှာ ဟာ
မူလအရင်းခံလို့ဖော်ပြထားတာဖြစ်တယ်။
လိုချင်တပ်မက်တဲ့ တဏှာကြောင့် သစ္စာကိုမသိနိုင်သလို
သစ္စာမသိလို့လည်း လိုချင်တပ်မက်တဲ့တဏှာဖြစ်ကြတယ်လို့
အဝိဇ္ဇာနဲ့ တဏှာရဲ့ အပြန်အလှန် အကျိုးပြုပုံကို
ရှင်းလင်း ဖော်ပြ ထားတယ်။
ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ စည်းစိမ်ဥစ္စာရတနာတွေ
အခြွေအရံ အသင်းအပင်းတွေနဲ့ပြည့်စုံချမ်းသာပါစေ
ခန္ဓာ့ ဝဋ်ကို ခံကြရတာချည်းပါပဲ။
မနက် အိပ်ယာက ထ လာတာနဲ့ မျက်စိကထွက်တဲ့ မစင်၊
(မျက်ချေး) ၊နှာခေါင်းကထွက်တဲ့ မစင်၊ (နှပ်ချေး)
ခန္ဓာကိုယ်က ထွက်တဲ့ မစင်၊(ချွေး၊ ဂျီး ကျင်ကြီး ကျင်ငယ်)၊
စတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ဆေးကြော
သုတ်သင် ရှင်းလင်းရတယ်။ စွန့်ထုတ်ရတယ်။
ဒါတွေကနေ့စဉ်လုပ်ရတဲ့အလုပ်၊
သို့သော်..... ကျန်းမာနေစဉ်မှာ ဒီအလုပ်တွေကိုဝဋ်လို့
ဘယ်သူမှ မတွေးဘူး။ဒီအလုပ်တွေလုပ်ရတာကိုဒုက္ခလို့
မထင်ရှားဘူး။ မကျန်းမာတဲ့အချိန်ကြမှ ဝဋ် လို့တွေးကြတယ်။
ဒါတောင် ကိုယ်တိုင်ခံရမှ နည်းနည်းလေးပဲတွေးတာ။
ငါ့ကိုဘယ်သူများပြုစုမလဲလို့ လိုလားတောင့်တပြီး
ချမ်းသာချင်တဲ့လောဘ ၊ ငါ့ကိုမပြုစုပဲ ပစ်ထားရက်လေခြင်းလို့
အလိုမကျတဲ့ ဒေါသ၊ ငါ ဘယ်ချိန်ထိ ဒီလို ဒုက္ခကို
ခံနေရအုံးမှာလဲ ဆိုတဲ့ မောဟ၊ ဒီလိုစိတ်တွေနဲ့
ကိလေသာ အညစ်အကြေးတွေ ပေကျံလာတယ်။
ခန္ဓာရှိနေလို့ ခန္ဓာ့ဝဋ်ကို ခံ နေရပါလားလို့ မတိမ်းမစောင်းတွေးယူနိုင်တာ အရိယာပဲ ရှိမယ်။ အမြဲတမ်း ဆင်ခြင်နေတဲ့
ပုထုဇဉ် အနည်းအကျဉ်းတော့ရှိနိုင်ပါတယ်။
ဝဋ်ကို ဝဋ် မှန်းသိတဲ့ဥာဏ် ဝင်အောင် မိမိခန္ဓာကို ကြည့်ရှုတတ်ရတယ်။ မကြည့်တတ်ရင် ဥာဏ်မထင်ဘူး။
ခန္ဓာ့ဝဋ်ကို သိမြင်တတ်ရင် အင်မတန်မှ ကျေးဇူးများပါတယ်။
ဘုရားရှင်ကိုယ်တိုင်ဟောတော်မူထားတဲ့ ဥပရိပဏ္ဏာသပါဠိတော်
ဒေဝဒူတသုတ်မှာ ယမမင်းက စစ်ဆေးတာလေးရှိတယ်။
ခန္ဓာ့ ဝဋ် ကို ဝဋ်လို့သိပြီး ချမ်းသာကို ရှာမှီးခဲ့သလားဆိုတဲ့
မေးခွန်းကို ဝဋ်မှန်းသိပြီး သံဝေဂဥာဏ် ဝင်ခဲ့ဖူးရင် ငရဲသားအဖြစ်ငရဲခံရမယ့် အခြေအနေကနေ လွတ်မြောက်
သွားစေနိုင်တယ်။ယမမင်းဆိုတာ ကယ်တင်ပေးဖို့စောင့်နေတာ။
ကိုယ်ကသာ အသိဥာဏ်ဝင်ပြီးဆင်ခြင်ခဲ့ဖူးရင်
လွတ်စေအမိန့်နဲ့ ငရဲကလွတ်ပြီး သုဂတိကိုရောက်ရမယ်။
တချို့သော ဆရာတော်များက ယမမင်းနဲ့ စစ်ခန်း လို့
ခေါင်းစဉ်ပေးတာရှိတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး
ကတော့ ဒေဝဒူတသုတ်ဆိုတဲ့ တရားတော်အမည်နဲ့
အပိုင်း၁/၂ ဟောတော်မူထားပါတယ်။
ခန္ဓာရတာ ဒုက္ခသစ္စာလို့
ဘုရားရှင်ကလည်းဟောခဲ့တယ်။
ဒုက္ခသစ္စာဆိုမှတော့ မကောင်းတာကိုရထားတာပဲ။
မကောင်းတာကိုရထားမှတော့ ဝဋ်ခံနေရတာပဲပေါ့။
ကိလေသာနှိုင်းချင်းနဲ့ တဏှာခိုင်းသမျှလုပ်နေတာ
တဏှာက ခိုင်းတယ်ဆိုမှတော့ ကောင်းတာခိုင်းမလား
မကောင်းတာခိုင်းမလား စဉ်းစားကြည့်။
ခန္ဓာ့ဝဋ်ကိုလည်းမသိ တဏှာခိုင်းတာလုပ်နေရတယ်
ဆိုတာလည်းမသိ ဘယ်လောက်ထိ
လူဖြစ်ရှုံးနေပြီလဲ။ အရှုံးကြီးရှုံးနေပြီ။
ရှုံးနေမှန်းမသိပဲ ငါကွ ငါ့ဟာကွ ငါမှငါလို့
လုပ်နေရင် အရိယာတွေအတွက် ဟာသတွေဖြစ်နေမှာပဲ။
အရိယာတွေဆိုတာ သူတစ်ပါးက လောဘ ဒေါသ
ဖြစ်နေတာတွေ့ရင်ရီ(ရယ်)တာပဲ။
မိမိကိုယ်တိုင်လောဘ ဒေါသဖြစ်နေရင်လည်း
ရီ(ရယ်)တာပဲ။ မှတ်သာထား။
သူတို့အရှေ့မှာ ဘာမှ သွားမမှားနဲ့ ရီ တာပဲ။
သူတော်ကောင်းစိတ်နဲ့ နေထိုင်သူတွေတွေ့ရင်တော့ သိတ်လေးစားတတ်ကြတာ။ဝဋ်ကို ဝဋ်မှန်းသိတတ် ဆင်ခြင်တတ်တဲ့သူကိုတွေ့ရင်တော့ သတိထားပြီးစောင့်ကြည့်တော့တာပဲ။
အရိယာများလား ဆိုပြီးတော့ပေါ့။
အရိယာဥာဏ်နဲ့ ခန္ဓာ့ဝဋ်ကို ဆင်ခြင်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(6.8.2018)
ဝဋ်ကို ဝဋ်မှန်းသိပါ....(၅)
ဝဋ် အကြောင်းကိုပြောတော့ ဝစီကံ အကုသိုလ်ကြောင့်
ဝဋ် ခံရတဲ့ ဇမ္ဗုကတက္ကတွန်းအကြောင်းကို ပြောချင်သေးတယ်။အကြောင်းအရာ ပြည့်ပြည့်စုံစုံကို
သိချင်ရင်တော့ မင်းကွန်းဆရာတော်ဘုရားကြီး
ရေးသားတော်မူတဲ့ မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ
၂၆၇ မှာ ရှာပြီးဖတ်ကြည့်ပါနော်။
ဇမ္ဗုက တက္ကတွန်းဆိုတာ ကဿပဘုရားရှင်
လက်ထက်ကကျောင်းထိုင်ရဟန်းတစ်ပါးဖြစ်ခဲ့တယ်။
ရဟန်းတို့စောင့်ထိန်းရမယ့် သိက္ခာပုဒ်ကိုစောင့်ထိန်းခဲ့ပေမယ့် အာဂန္တုရဟန္တာတစ်ပါး အပေါ်မှာ ဣဿာ
မစ္ဆရိယဖြစ်ပြီး ဝစီကံနဲ့ပြစ်မှားပြောဆိုခဲ့တဲ့
အကုသိုလ်ကတော့ အင်မတန်ကြောက်စရာ
ကောင်းလှပါတယ်။
ကဿပ ဘုရားရှင်လက်ထက်က လူ့သက်တမ်းက
အနှစ် နှစ်သောင်းပါ။ အနှစ် နှစ်သောင်းကာလပတ်လုံး
ရဟန်းဘဝနဲ့ သိက္ခာပုဒ်ကိုစောင့်ထိန်းခဲ့တဲ့ အာစိဏ္ဏကံ
ကုသိုလ်ကတောင် မကယ်တင်နိုင်လောက်အောင်
အကုသိုလ်ကကြီးမားတယ်။
ရဟန္တာကိုစော်ကားမိတာကိုးနော်။ ဂရုကံဖြစ်သွားတာပေါ့။
သေလွန်တော့ မဟာအဝီစိမှာ ကျခံရတယ်။
ဘယ်လောက်ထိ ကြာအောင် ခံရသလဲဆိုတော့
သမီးတော်တို့ရဲ့ဂေါတမ မြတ်စွာဘုရားရှင်
ပွင့်ထွန်းတော်မူတဲ့အချိန်မှ မဟာအဝီစိက လွတ်ပြီး
လူ့ဘဝကိုရတယ်။ လူ့ဘဝရပြန်တော့လည်း ရဟန္တာကို
ပြစ်မှားခဲ့တဲ့ကံ က မကုန်သေးတော့ ဝဋ် ခံရပြန်သေးတယ်။
မနာလိုစိတ်နဲ့ မစင်စားတာကပိုမြတ်တယ်လို့ပြောခဲ့တဲ့
အကုသိုလ်ကံကြောင့် မွန်မြတ်တဲ့ စားဖွယ် သောက်ဖွယ်ကို
ငြင်းပယ်ပြီး မစင်ကိုပဲ အားရပါးရ စားတယ်။
ဆတ္တာသည်နဲ့ ဆံပင်ရိတ်တာထက် ထန်းစေ့မှုတ်နဲ့
နုတ်တာက ပိုမြတ်တယ်လို့ စော်ကားမိတဲ့ အကုသိုလ်
ကံကြောင့် ထန်းစေ့မှုတ်နဲ့ ဆံပင်တွေနုတ်ခံရတယ်။
သင်္ဃန်းကိုဝတ်တာထက် အဝတ်မဝတ်ပဲ မိမွေးတိုင်း
ဖမွေးတိုင်း နေတာက ပိုကောင်းတယ်လို့
စော်ကားမိတဲ့အတွက် အဝတ် ဘယ်လိုဆင်ပေးပါစေ
မဝတ်ပဲ ကိုယ်လုံးတီးပဲနေတယ်။
ကုတင်ပေါ် အိပ်တာထက် မြေကြီးပေါ် အိပ်တာက
ပိုမြတ်တယ်လို့ စော်ကားမိလို့ မြေကြီးပေါ်မှာ
အိပ်ရတာကိုပဲ နှစ်သက်နေတယ်။
ဘယ်လောက်ကြောက်စရာကောင်းလဲနော်။
ကိုယ့်ဆီမှာရှိတာကိုထုတ်ပေးရတာလည်းမဟုတ်ပဲ
မနာလို ဝန်တိုဖြစ်ပြီး စော်ကားလိုက်မိတာ ခံလိုက်ရတဲ့
ဝဋ်က မနည်း မနှော။
သို့သော်လည်း......
ဝဋ်လို့ သူမသိဘူး။ သူ့ရဲ့ အကုသိုလ် အကျိုးပေးနဲ့
ဆင်းဆင်းရဲရဲ နေရတာကိုပဲ ပျော်နေတယ်။
သာယာနေတယ်။ကျေနပ်နေတယ်။
ဝဋ်ကောင်လေး ဖြစ်နေရတာကို နှစ်သက်နေတယ်။
မစင်ကိုမြင်တဲ့အခါ ဣဋ္ဌာရုံလို့ သူက ထင်တယ်။
အကုသိုလ်ဝိပါက် က အကျိုးပေးနေချိန်ကိုး။
မစင်စားတယ်။ အဝတ်မဝတ်ပဲ ကိုယ်လုံးတီးနေတယ်။
မြေကြီးပေါ်အိပ်တယ်။ ထန်းစေ့မှုတ်နဲ့ ဆံပင်ကို
နုတ်တယ်။လူတွေအမြင်မှာခြေထောက်တစ်ဖက်ပဲ
ထောက်ပြီး ရပ်တယ်။
ပါးစပ်ကို ဟ ထားတယ်။ ဘာ အသိဥာဏ်မှမရှိတဲ့ သူတွေက
အထင်ကြီးပြီးကိုးကွယ်ပူဇော်ကြတယ်။ သူ့ဘဝကိုသူ
သာယာနေတာပေါ့။ မစင်မှန်း သိသိကြီးနဲ့ ကြိုက်နေတာ။
အကုသိုလ်က အကျိုးပေးတာဆိုတော့ မကြိုက်သင့်တာလည်း ကြိုက်တာပဲ။
ဘုရားရှင်က တရားဟောတော့မှ ရဟန္တာဖြစ်ပြီး
အကုသိုလ်ကုန်သွားတယ်။ ဇမ္ဗုကရဟန်း ဖြစ်သွားမှ
ဝဋ်ကကျွတ်သွားတယ်။ ကဿပ ဘုရားရှင်လက်ထက်က
ရဟန်းတရားကိုကျင့်သုံးခဲ့တဲ့ ကုသိုလ်ကို အကုသိုလ်တရားက မဖျက်စီးနိုင်ဘူး။ ဒါကြောင့်လည်း ဘုရားရှင်ရဲ့
တရားတော်ကို နာကြားလိုက်ရတဲ့အခါ ပဋိသမ္ဗိဒါ
ဥာဏ်လေးပါး နှင့်တကွ အရဟတ္တဖိုလ်ကိုရတယ်။
ကုသိုလ်ကလည်း ကုသိုလ်အကျိုးပေးသလို အကုသိုလ်ကလည်း အကုသိုလ် အကျိုးပေးတယ်။ရဟန္တာဖြစ်မှသာ
ကံတွေက အဟောသိကံဖြစ်သွားတယ်။
အကုသိုလ်တရားတွေ ခန္ဓာမှာကိန်းနေရင်
မကြိုက်သင့်တာကိုကြိုက်ကြသေးတာပဲ။
အနာဂါမ်အရိယာဖြစ်တာတောင် အကုသိုလ်တရားက
ကျန်နေသေးတော့ ဘဝရာဂ ဖြစ်ပြီး သံသရာမှာ
ကျင်လည်ချင်သေးတယ်။ ခန္ဓာရရင် အို နာ သေ ပဲရမှာမို့
ဆင်းရဲပါတယ်။ ဒီဆင်းရဲခြင်းတွေကို ရနေသမျှ
ဝဋ် ခံ ရတာပဲဖြစ်လို့ ဝဋ်ကို ဝဋ်မှန်းသိလိုက်ကြပါ။
ခန္ဓာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(8.8.2018)
THAMEETAW
THIRD
0 comment:
Post a Comment