နှာသီးဖျားက ဝင်လေထွက်လေ ဆိုတာ
ထင်ရှားတဲ့ အာရုံတစ်ခုပဲဖြစ်ပါတယ်။
ပုံမှန်အသက်ရူတဲ့အတိုင်း ရူနေ ရှိုက်နေတာကို
သတိလေးကပ်ပေးဖို့ပဲ လိုပါတယ်။
သတိကပ်ပြီးရှုမှတ်တဲ့အခါမှာ
ဝင်လေ ထွက်လေ မမြဲတာတွေ့ပါလိမ့်မယ်။
ဝင်လေပဲရူနေလို့ မရသလို
ထွက်လေပဲ ရှိုက်နေလို့မရပါဘူး။
ရူချင်စိတ်ကနေ ရှိုက်ချင်စိတ်ကလေးပြောင်းသွားတဲ့အခါ
ဝင်လေရူသွင်းနေတာ ရပ်ပြီး ထွက်လေကိုရှိုက်ထုတ်
တော့တာပါပဲ။ ပုံမှန် အသက်ရူတဲ့ အနေအထားကို
သတိကပ်ပြီး စောင့်ကြည့်တဲ့အခါ တွေ့ရပါတယ်။
ဒီနေရာမှာ ပုံမှန်အသက်ရူတဲ့အနေအထားကို
အထူးပြုပြီးပြောခြင်းက လုပ်ရူတာ မဖြစ်စေဖို့
ရှင်းအောင် ပြောရတာပါ။ ပုံမှန်အသက်ရူတဲ့အနေအထား
မဟုတ်ရင် ကိလေသာဖြစ်အောင် တမင်လုပ်နေတာမျိုး
ဖြစ်သွားပါတယ်။ ကိလေသာငြိမ်းဖို့အတွက်အလုပ်လုပ်ရာမှာ
ကိလေသာကိုတမင်မွေးယူတဲ့အနေအထား မရောက်အောင်
အထူးသတိထားရပါမယ်။
ဖြစ်အောင်ပြုရင် "လောဘ"
ပျက်အောင်ပြုရင် "ဒေါသ"
ဖြစ်မှန်း ပျက်မှန်း မသိရင် "မောဟ" ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာရှုမှတ်ရာမှာ
လုပ်လည်း မရူနဲ့
ရှာလည်း မရှုနဲ့
ဗျာလည်း မများနဲ့ လို့ သတိပေးပါတယ်။
ကိလေသာတွေဖြစ်အောင် တမင်မွေးယူသလိုဖြစ်နေခဲ့ရင်
ရုပ်နာမ်ရဲ့ ပရမတ်သဘောလက္ခဏာကို အကဲဖြတ်ချိန်
မရနိုင်ဖြစ်သွားပါတယ်။
ပရမတ် ရုပ်နာမ်ရဲ့ အဖြစ်သဘောလေးတွေဟာ
တည်မြဲ မနေပဲ ပြောင်းလဲသွားတာ ချုပ်သွားကုန်သွားတာ
အသစ်အသစ်တွေ အစားထိုးနေတာ စသည်ဖြင့်
စောင့်ကြည့်ပြီး သူ့ရဲ့သဘော သဘာဝလေးကို သိမှတ်
ဆုံးဖြတ်ပေးနေတဲ့ အလုပ်ကိုလုပ်တတ်ရင်
ဝိပဿနာဖြစ်ပါပြီ။
ဆိုတော့
နှာသီးဖျားက ဝင်လေ ထွက်လေကို စောင့်ကြည့်ပြီး
အကဲဖြတ်တဲ့အခါ ဝင်လေဆိုတဲ့ ရုပ်သဘောနဲ့
နှာသီးဖျားဆိုတဲ့ ရုပ်သဘောလေး နှစ်ခု
တွန်းတိုက်သွားတဲ့ ထိတဲ့သဘောလေးကို
ဥာဏ်နဲ့ သိမှတ်လိုက်ပါ။ ဥာဏ်လို့ သုံးထားပေမယ့်
စိတ်က သိတာပါပဲ။ အတူတူပဲနော်။
သိတဲ့အခါမှာ အကဲဖြတ်တယ် သုံ့းသပ်တယ် ဆုံးဖြတ်တယ်လို့
ဆိုထားတာဖြစ်တဲ့အတွက် ဒီသဘောလေးအတိုင်း
စိတ်ကလိုက်သိနေရမယ် အလုပ်လုပ်ရမယ်။
ဝိပဿနာဆိုတာ စိတ်နဲ့ လုပ်ရမယ့် အလုပ်ပါပဲ။
သိရမယ့် ကိစ္စတွေသိနေဖို့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့။
သတိလေးကပ်ပြီး စူးစိုက်ထားရတဲ့ အလုပ်ပါ။
ပရမတ်သဘောလေးတွေ ဖြစ်သွားတာ ပျက်သွားတာကို
သိပြီး ဆုံးဖြတ်ချက်ချနေဖို့ ဖြစ်တယ်။
စိတ်က ပြတ်ပြတ်သားသား မှန်မှန်ကန်ကန်လုပ်ဖို့တော့လိုတယ်။
ဖြစ်သွားတာကို "သိတယ်"
ပျက်သွားတာကို "သိတယ်"
ဖြစ်တယ် ပျက်တယ်
ထပ်ဖြစ်တယ် ထပ်ဖြစ်တာလေးပျက်တယ်
စသည်ဖြင့် ဖြစ်တာကို ဖြစ်တယ်လို့ သိပြီး
ပျက်တာကို ပျက်တယ်လို့ တိတိကျကျသိနေပေးလိုက်ပါ။
ဒီလို သိတဲ့အသိထဲမှာ ငါမပါဘူး။ စိတ်က သိနေတာ။
သိတဲ့စိတ်ကလေး ရှိတယ်ဆိုတာကို သိတယ်နော်။
ဒါဆို ရပါပြီ။
ဝင်လေ ထွက်လေ လေး နှာသီးဖျားမှာ တွန်းတိုက်ပြီး
ဝင်လိုက် ထွက်လိုက်ဖြစ်နေတာကို သိတယ်
သိတဲ့စိတ်ကလေး ရှိတာကိုလည်းသိတယ် ဆိုတာ
ရုပ်နာမ်ကိုသိတဲ့ နာမရူပ ပရိစ္ဆေဒဥာဏ်ပဲ။
ဒီနေရာမှာ ဒါက နာမ်ပဲ ဒါက ရုပ်ပဲလို့ ပြောမှ
ရုပ်နာမ်ဖြစ်တာမဟုတ်ဘူး။
ပူတာကိုပူမှန်းသိတယ်၊ အေးတာကို အေးမှတ်းသိတယ်
သိတာက စိတ်နဲ့သိနေတယ်လို့ နားလည်ရင်
နာမရူပပရိစ္ဆေဒဥာဏ်ဖြစ်တာပဲ။
ပူတဲ့သဘောလေးက ရုပ်
အေးတဲ့သဘောလေးကရုပ်လို့
ဒီလိုသင်နေမှ ရုပ်မှန်းသိတယ်လို့ မယူအပ်ဘူး။
ပရမတ်ခန္ဓာကို သိရင် နာမည်မပေးတတ်လည်း သိတာပဲမို့
အသိမှန်လို့ပဲ ယူအပ်ပါတယ်။
ရုပ်လို့ခေါ်တတ်မှ နာမ်လို့ခေါ်တတ်မှ
နာမ်ရုပ်ကိုသိတယ်လို့ မယူအပ်ပါဘူး။
အဓိက က သဘောခန္ဓာကို အမှန်ယူတတ်ဖို့ပဲဖြစ်တယ်။
သဘောခန္ဓာ အမှန်ကို သိနားလည်ပြီး ဝိညာဉ်သိနဲ့
သုံးသပ်ထားလို့ နာမရူပပရိစ္ဆေဒဥာဏ်ကို
ရထားပြီးတဲ့သူဟာ ပဋိစ္စသမုပ္ပါဒ်ကို သင်ယူထားပြီးတဲ့သူဆိုရင်
အင်မတန်ကျေးဇူးကြီးပါပြီ။
နာမ်နဲ့ ရုပ် ဘာကြောင့်ဖြစ်တယ်ဆိုတာ
နားလည်ထားပြီးသူမို့ သမ္မသနဥာဏ်ကနေ
စတင်ရှုမှတ်ပြီး ဝိပဿနာဥာဏ်အဆင့်ဆင့်ကို
တက်လှမ်းရောက်ရှိဖို့ပါပဲ။ သင်တန်းတက်မထားတဲ့
သူများလည်း ဝိပဿနာအလုပ်ကို လုပ်လို့ရပါတယ်။
သိထားရင် သင်ယူထားရင်တော့ အကောင်းဆုံးပေါ့နော်။
ရုပ်နာမ်ကို သိခြင်းဖြင့် သစ္စာသိသောသူများဖြစ်ကြပါစေ
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment