ဝဋ်ကို ဝဋ်မှန်းသိပါ(၇)
ဘုရားပြီးတော့ ထီးတင် ဆိုသလို
ဝဋ်ကိုဝဋ်မှန်းသိပြီးတော့
ဝဋ်မှ လွတ်မြောက်အောင် ကျင့်ကြံ အားထုတ်နည်းလေးကို
သမီးတော် ဥာဏ်မှီသလောက် ကျေးဇူးပြုချင်ပါသေးတယ်။
သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူ မရှိဘူးလို့
မြတ်စွာဘုရားက ဟော်တော်မူထားတော့
အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့အတူ
ဆွေတော်မျိုးတော်အပေါင်းကို
ကျေးဇူးဆပ်တယ်လို့ မှတ်ပါနော်။
သမီးတော် ဥာဏ်မှီသလောက် ရေးသားရာမှာ
စရိုက် ဝါသနာ ကိလေသာအထူးအပါး ဣနြေ္ဒ အနုအရင့်
စသည်အားဖြင့် တစ်ယောက်နဲ့တစ်ယောက်မတူကြသလို
တိဟိတ်ဖြစ်ခဲ့တယ် ဆိုရင်လည်း တိက္ခနဲ့ မန္ဒ ခြားနားခြင်း
တွေကြောင့် လက်ခံရတဲ့ သူမှာ နားလည်သူရှိနိုင်သလို
နားမလည်သူလည်း ရှိနိုင်ပါတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့
ပုဂ္ဂိုလ် သတ္တဝါရဲ့ ကိလေသာ အထူအပါးကို သိတဲ့
အာသာနုသယဥာဏ်နဲ့ ပါရမီ အနုအရင့်ကို သိတဲ့
ဣန္ဒြိယပရောပရိယတ္တိဥာဏ်ဆိုတဲ့ ဗုဒ္ဓစက္ခု(၂)ကွင်းနဲ့
သိမြင်ပြီး စရိုက် ဝါသနာ နဲ့ ကိလေသာ အထူအပါး အလိုက်
သင့်ရာကမ္မဌာန်းကိုပေးတော်မူတာကြောင့်
ကျွတ်ထိုက်တဲ့သူများ ကျွတ်တမ်းဝင်သွားကြပါတယ်။
သမီးတော်တို့မှာက တရားတော်များနာကြားပြီး
မှတ်သားထားသမျှထဲကနေ ပြန်လည်မျှဝေတာဖြစ်တဲ့အတွက်
ပုဂ္ဂိုလ် အကြိုက် စရိုက်ဝါသနာ စသည်အားဖြင့်
ချိန်ညှိပေးနိုင်စွမ်းတာ မဟုတ်လို့ သမီးတော်နဲ့ ဝါသနာ စရိုက်
တူညီကြသူများအတွက် ကျေးဇူးပြုနိုင်ကောင်းပါရဲ့လို့
ရည်ရွယ်မျှဝေခြင်းဖြစ်ပါတယ်။
ဒီအတွက် အကျင့်နည်း ပညာ မှားယွင်းသွားမှာကို
စိုးရိမ်တော်မမူပါကြနဲ့။ ယုံကြည် စိတ်ချစွာ လက်ခံကျင့်သုံးကြည့်ပါလို့ တိုက်တွန်းပါတယ်နော်။
ခန္ဓာ့ ဝဋ်က လွတ်ဖို့အတွက် ဝိပဿနာအလုပ်ကို
လုပ်တဲ့အခါမှာ နာမ်ရုပ်ကို သိဖို့လိုပါတယ်။
အကယ်၍ နာမ် ရုပ်ကို မသိဘူးဆိုရင်လည်း
ဆရာကောင်းရဲ့လမ်းညွှန်မှုကို တစ်သဝေ မသိမ်း
လိုက်နာ ကျင့်ကြံနိုင်ဖို့လိုပါတယ်။ ဆရာကောင်းလို့
ပြောရခြင်းက ဆရာဆိုးတွေလည်း ရှိနေတတ်လို့
သတိထားတော်မူပါလို့ အသိပေးလိုရင်းပါ။
မြတ်စွာဘုရားရှင်က အလယ်အလတ်ကျင့်စဉ်ကိုသာ
ကျင့်သုံးဆောက်တည်ကြဖို့ အမြဲတမ်း မိန့်မြွက်လေ့
ရှိပါတယ်။
ဝိပဿနာဆိုတာက အထူးထူးအပြားပြား
သိမှတ်ရန်ဖြစ်ပါတယ်။ မိမိတို့ခန္ဓာရဲ့ ပရမတ် သဘောကို
အရှိအတိုင်း အမှန်အတိုင်း ပြည့်ပြည့်စုံစုံလေး
သိပေးဖို့ လိုပါတယ်။ ရှိတာကို ရှိမှန်းသိရမယ်။
မရှိတော့တာကိုမရှိမှန်းသိရမယ်။
ဒါမှဝိပဿနာ ဖြစ်တယ်။
မိမိခန္ဓာမှာဖြစ်နေတဲ့ သဘောလေးတွေကို
သိပေးနေရမှာပါ။
ခန္ဓာရဲ့သဘောလို့ ဆိုရာမှာ အထည်ခန္ဓာကြီးကို
ဆိုလိုတာ မဟုတ်ပါဘူး။
သဘောခန္ဓာကို ဆိုလိုတာဖြစ်ပါတယ်။
သဘောခန္ဓာလို့ သိနိုင်ရင် အကောင်းဆုံးပါပဲ။
သဘောခန္ဓာကိုနားမလည်တဲ့သူတွေ အလွန်များပါတယ်။
မသိတာ နားမလည်တာကို ဝန်မခံချင်လို့ သိတယ် နားလည်တယ်လို့ ဟန်ဆောင်နေကြတဲ့သူတွေဖြစ်နေတယ်။
သုစိပုဘာ ဝိလိသိဓာ ဆိုတဲ့ ရှင်မဟာရဋ္ဌသာရ
ဆုံးမစာထဲမှာ ပု=ပုစ္ဆေယျ မေးမြန်းရာ၏ လို့
လမ်းညွှန်ထားတာရှိပါတယ် ။
ကိုယ်မသိတာကို မသိဘူးလို့ဝန်ခံပြီး
သိအောင် မေးမြန်းမှ အသိ ဥာဏ်ပညာက
တိုးတက်လာမှာပါ။ မေးမြန်းရမှာကိုရှက်နေရင် ဝန်လေးနေရင် သုတတိုးပွားမှုကို
မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ထက် သိတဲ့သူ
တတ်တဲ့သူကို မေးဖို့ ဝန်မလေးသင့်ပါဘူး။
ရှက်စရာလည်းမလိုပါဘူး။ မေးပါ သင်ယူပါ။
မိမိရဲ့အကျိုးစီးပွားကို သိုလှောင်စုစည်းပါ။
တိုးတက်ရာရဖို့ မာန်မာနကိုနှိမ့်ချထားရပါတယ်။ ဒါမှ တိုးတက်တာပါ။
အလွယ်ဆုံး သိလို့ရတဲ့ သဘောခန္ဓာကိုပြပါဆိုရင်
နှာသီးဖျားက ဝင်လေ ထွက်လေကို သတိထားပြီး
စောင့်ကြည့်ပေးပါ။
သဘောခန္ဓာကို သိ၍ ဝိပဿနာဥာဏ်ဖြစ်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
0 comment:
Post a Comment