***ဝဋ်ကို ဝဋ်မှန်းသိပါ (၉)***
စာမတတ်တဲ့လူတစ်ယောက် အနေနဲ့
တရားအားထုတ်ဖို့ကြိုးစားတဲ့အခါမှာ
စာနဲ့ပေနဲ့ အချိန်ယူပြီးသင်ပေးနေတာထက်
ခန္ဓာ အရှိကို မြင်အောင်ကြည့်တတ်ဖို့
ဆရာကောင်းက လမ်းညွှန်မှုပေးနိုင်ပါတယ်။
နှာသီးဖျားက ဝင်လေ ထွက်လေကို
စောင့်ကြည့်တာဖြစ်စေ ၊ ပူမှု သဘော
အေးမှု သဘောလေးကိုစောင့်ကြည့်တာ
ဖြစ်စေ ၊ထင်ရှားတဲ့ သဘောလေးကို
ဉာဏ်နဲ့ မြင်အောင် ကြည့်တဲ့ အခါ
သဘောခန္ဓာတွေကို တွေ့လာပါလိမ့်မယ်။
ပူတဲ့သဘောလေးပါလားလို့ သိ၊
အေးတဲ့ သဘောလေးပါလားလို့ သိ၊
စိတ်က သိနေတာလို့ သိ၊
ဒီလို သဘောလေးတွေကို သိ သိ နေတဲ့အခါ
ဒိဋ္ဌိ စင်ပါတယ်။ ငါ သိတာ ဆိုတဲ့
အတွေးမျိုး အယူအဆမျိုး မဝင်ရင်
သိတဲ့ သဘောလေးမှာ
စိတ်က ကြည်လင်နေခဲ့ရင်
ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပါတယ်။
ပုဂ္ဂိုလ် သတ္တဝါတို့ဟာ စရိုက်ချင်း
မတူညီကြတဲ့အတွက် ဉာဏ်စဉ် တက်ရာမှာ
သဒ္ဓါစရိုက်ရှိသူ ပုဂ္ဂိုလ်တွေအတွက်
နှောင့်နှေးကြန့်ကြာမှု မဖြစ်ပဲ
တဆင့်ပြီး တဆင့် တက်သွားနိုင်ပါတယ်။
ဝိတက်စရိုက် အားကြီးသူ၊
မောဟ စရိုက်အားကြီးသူ တွေအတွက်တော့
အကောက်အကွေ့ အထစ်အငေါ့တွေ
များနိုင်ပါတယ်။
ဝိတက်စရိုက်နဲ့ မောဟ စရိုက်အားကြီးသူများ
ကတော့ အခြေခံကောင်းရအောင် သင်ယူပြီးမှ
ဝိပဿနာ အလုပ်ကိုလုပ်တာ အလုပ်ဖြစ်ပါလိမ့်မယ်။
အားသာချက် အရှိဆုံးသူကတော့
သဒ္ဓါ စရိုက်ရှိသူပါပဲ။
မဂ်ဖိုလ် နိဗ္ဗာန်ကိုယုံကြည်ထားပြီးသူဖြစ်လို့
အလုပ်စဉ်ကို လမ်းညွှန်လိုက်ဖို့ပဲ လိုတာပါ။
သဒ္ဓါ တရားရှိပြီးသူကို ပညာလေးထည့်ပေါင်း
ပေးလိုက်ရုံနဲ့ အကျိုးကိစ္စကောင်းတွေ
အထမြောက်အောင်မြင်သွားပါတယ်။
ဒါကြောင့် သဘောခန္ဓာလေးတွေကို
တွေ့ပြီး သူ့သဘောလေးတွေပဲရှိတာကို
နားလည်လိုက်တာက ပစ္စယပရိဂ္ဂဟ ဉာဏ်နဲ့
ပြည့်စုံသွားပါတယ်။
ဝိသုဒ္ဓိ ဉာဏ်စဉ်တွေကိုကြည့်တဲ့အခါ
သီလဝိသုဒ္ဓိက အရင်လာပါတယ်။
သီလကို အထူးတလည်ခံယူဆောက်တည်မှ
သီလ စင်ကြယ်တယ်လို့ တချို့က ထင်ကြတယ်။
နှစ်ရှည် လ များ သီလစင်ကြယ်အောင်
ကျင့်ကြံ နေထိုင်သူမှ တရားအားထုတ်လို့
ရနိုင်တယ်လို့ တချို့က ထင်ကြတယ်။
ဒီလိုတော့ မဟုတ်ပါဘူးနော်။
မည်သူ မဆို မဂ်တား ဖိုလ်တား အန္တရာယ်မျိုး
သင့်ထားတာ မဟုတ်ရင် တရား အားထုတ်လို့
ရနိုင်ပါတယ်။
တရားအားထုတ်မယ်လို့ ကြံစည်တဲ့သူဟာ
အကုသိုလ် ပြုလိုစိတ်တွေ စင်ကြယ်သွားပါတယ်။
သီလဝိသုဒ္ဓိ ဖြစ်သွားတာပါပဲ။
တရားအာရုံမှာ စိတ်က တည်ကြည်နေတဲ့
အတွက် စိတ္တဝိသုဒ္ဓိဖြစ်နေပါပြီ။
ခန္ဓာငါးပါးရဲ့ သဘောလေးတွေကို
မြင်လာတဲ့အချိန် ငါဆိုတဲ့ အယူလေးတွေ
မတွေ့ရပဲ သဘောလေးပဲရှိတာကို
သိလိုက်တော့ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပါတယ်။
စကတည်းက တိဟိတ်စိတ်နဲ့ ပုဂ္ဂိုလ်ဆိုတာ
သဒ္ဓါစရိုက်လည်းရှိသူဖြစ်နေရင်
ဆရာကောင်းက ပြောထားတဲ့ စကားတိုင်းကို
ယုံယုံကြည်ကြည်ရှိပြီးဖြစ်နေတဲ့အတွက်
ခန္ဓာရဲ့ သဘောလေးတွေကိုသိပြီး
သဘောလေးပဲ ရှိပါလား
ငါ ဆိုတာ မရှိဘူး
သဘောလေးတွေက
တည်မြဲခိုင်ခန့်ပြီး မနေပဲ
ပြောင်းလဲ နေတယ် အစားထိုးပြီး
ထပ်ခါ ထပ်ခါ ဖြစ်တယ်။
ဖြစ်လာပြီးတာနဲ့ချုပ်သွားတယ်လို့
ဆရာပြောတဲ့အတိုင်း မြင်အောင်လည်းကြည့်
ဆုံးဖြတ်ချက်လည်းချနိုင်ရင်
ဝိသုဒ္ဓိဉာဏ်စဉ် ၄ ပါးဟာ ခဏ မဆိုင်းပဲ
ရလာပါတယ်။
သဒ္ဓါတရားရှိသူရဲ့ အားသာချက်တွေ
ဖြစ်ပါတယ်။
စိတ်ဆိုတာ အင်မတန်မြန်ပါတယ်။
ထိုနည်းတူစွာပဲ ဉာဏ်အမြင်ကို
ယုံယုံကြည်ကြည် မှန်မှန်ကန်ကန်
ဆုံးဖြတ်ချက် ချနိုင်တဲ့သူဟာ
ဉာဏ်စဉ်တက်ဖို့ လွယ်ပါတယ်။
စာသိမှာ အားကောင်းပေမယ့်
ဉာဏ်အမြင်နဲ့ ခန္ဓာရဲ့ သဘောကို
တွေ့တဲ့အခါ စာထဲက အတိုင်း
ဟုတ်လား မဟုတ်လားလို့
အတွေးဝင်တတ်တဲ့သူဟာ
ခန္ဓာစဉ်အမှန်ကို ချက်ချင်း
ဆုံးဖြတ်ချက် မချနိုင်တဲ့အတွက်
ဉာဏ်စဉ်တက်ဖို့အရေးမှာ
တုံ့ဆိုင်းနေတတ်ပါတယ်။
ဘာမှတုံ့ဆိုင်းမနေပဲ ခန္ဓာရဲ့
သဘောအမှန်ကို ဆုံးဖြတ်ချက်
ပြတ်ပြတ်သားသားချနိုင်ပါမှ
ဉာဏ်စဉ်တက်ပါတယ်နော်။
ဒီအတိုင်းဟုတ်လား မဟုတ်လားလို့
တွေဝေ တုံ့ဆိုင်းမိရင် ဉာဏ်စဉ်
မတက်နိုင်တော့ပဲ အသစ်ကနေ
ပြန် စ ရတတ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်ခြင်း
ဆရာသမားရဲ့ လမ်းညွှန်မှုကို
သက်ဝင်ယုံကြည်ခြင်း
တရားတော်ကို ယုံကြည်ခြင်း ဆိုတဲ့
အင်အားတွေဟာ
နိဗ္ဗာန်ကို လိုလားသူတို့အတွက်
အရေးကြီးလှပါတယ်။
ဗောဓိပန်းတိုင်ကို တက်လှမ်းရောက်ရှိနိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
0 comment:
Post a Comment