THAMEETAW
THIRD
Posted on: Sunday, February 3, 2019
ဝဋ်ကို ဝဋ်မှန်းသိပါ (၁၀)
ဝိပဿနာ အလုပ်ကိုလုပ်ပြီဆိုတဲ့နေရာမှာ
မိမိတို့ရဲ့စိတ်က ကမ္မဋ္ဌာန်းအာရုံပေါ်မှာ
စူးစူးစိုက်စိုက်ထားနိုင်ဖို့ သိတ်အရေးကြီးပါတယ်။
ထိုင်ခြင်းဣရိယာပုတ်ကိုဖြစ်စေ၊
လျောင်းခြင်းဣရိယာပုတ်ကိုဖြစ်စေ ၊
ရပ်ခြင်း ၊ သွားခြင်း ဣရိယာပုတ်ကိုဖြစ်စေ
မည်သည့် ဣရိယာပုတ်နဲ့ပဲ ဖြစ်ဖြစ်
ဝိပဿနာအလုပ်ကိုလုပ်နိုင်ပါတယ်။
ထင်ရှားတဲ့ ကာယကိုဖြစ်စေ၊
မထင်ရှားတဲ့ စိတ် ၊ ဝေဒနာ ၊ ဓမ္မာရုံကို ဖြစ်စေ
မိမိ စူးစိုက်လို့ အားသာနိုင်တဲ့ ပရမတ်အာရုံ
တစ်ခုခုကို မူတည်ပြီး ရှု မှတ်ပေးဖို့ပါပဲ။
ခန္ဓာရဲ့ ဖြစ်ပျက်ကို ကြည့်တဲ့အခါ
သဘော ခန္ဓာကို ထိမိအောင် ကြည့်တတ်ဖို့
အဓိက အရေးကြီးပါတယ်။
စာဘယ်လောက်ပဲတတ်ပါစေ
စာ လုံးဝ မတတ်တဲ့သူပဲ ဖြစ်ပါစေ
တကယ်ရှိတဲ့ ပရမတ်ခန္ဓာဆိုတဲ့
သဘောလေးကို မိမိရရ ဉာဏ်နဲ့ ထိမိ သိ ဖို့
အရေးကြီးဆုံးပါပဲ။
သဘောခန္ဓာလေးက ဖြစ်လိုက်ပျက်လိုက်
ပြနေမှာပါ ။ ပြနေတဲ့ သဘော ခန္ဓာလေးကို
တည်မြဲ မနေပဲ ပြောင်းလဲ နေတာ
အစားထိုးနေတာ ပေါ်လာလိုက် ပျောက်သွားလိုက်
ဖြစ်နေတာကိုသိရင် အနိစ္စကိုသိတာ ၊
မိမိက ဉာဏ်လေးနဲ့ စောင့်ကြည့်ပြီး
အကဲဖြတ်နေဖို့ပဲ။
အနိစ္စလို့ သိလိုက်ခြင်းက ဆင်းရဲခြင်းသဘောကို
သိလိုက်တာပဲ။
မြဲတယ်လို့ ထင်ခဲ့တာ ၊ ချမ်းသာတယ်လို့ထင်ခဲ့တာ
အမှန်သဘောကို မြင်တော့ မမြဲတာပဲတွေ့တယ်။
ပြောရရင်တော့........
အနိစ္စလက္ခဏာကို အကြိမ်ကြိမ်မြင်ပြီး
မမြဲပါလားလို့ ဆုံးဖြတ်ချက်ပေးနေရင်
စူးစူးစိုက်စိုက် ဒါကိုစောင့်ကြည့်နေရင်
ဒီမမြဲတဲ့ သဘောလေးအပေါ်မှာ
ဆင်းရဲလိုက်တာလို့ ဉာဏ်က သူ့အလိုလိုကို
ဆုံးဖြတ်ချက်ချလာတယ်။
ဆင်းရဲလိုက်တာလို့ ဉာဏ်က ဆုံးဖြတ်ချက်
ချပြီးတာနဲ့ တဆက်တည်းပဲ
ဘာမှအနှစ်သာရမရှိတဲ့ သဘောတွေပါလားလို့
အနတ္တဉာဏ်အမြင်ကပါ လိုက်လာတာပဲ။
ဒါကြောင့် အနိစ္စလက္ခဏာကိုအနိစ္စလို့
သိ သိ နေအောင် စူးစူးစိုက်စိုက်
ရှုမှတ် ပေးနေဖို့ပဲလိုပါတယ်။
သမာဓိတည်ကြည်ပြီး ဉာဏ်ရင့်လာတဲ့အခါ
သူ့ အလိုလို ဆုံးဖြတ်ချက်က ချလာတာပါ။
စောင့်ကြည့်အကဲဖြစ်ဖို့က မိမိတို့တာဝန်ဖြစ်ပြီ။
ဉာဏ်စဉ်တွေ တက်လာဖို့က
ဓမ္မရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ဉာဏ်စဉ် ၁၀ ပါး
ဉာဏ်စဉ် ၁၆ ပါး လို့ ရှိနေတာက
ဘုရားရှင်ရဲ့ ဉာဏ်နဲ့ နာမည်တပ်ပေးခဲ့တာတွေပါ။
ကိုယ်ဉာဏ်နဲ့ လုပ်ယူလို့ရတာ တစ်ခုမှ မရှိပါဘူး။
မိမိတို့အလုပ်က အနိစ္စကို အနိစ္စလို့ သိနေဖို့ပါပဲ။
မမြဲဘူး မမြဲဘူး လို့ သိနေလိုက်တဲ့ အသိက
ဉာဏ်ကို မီးထွန်းပြနေတာပါ
အကြိမ်ကြိမ်စောင့်ကြည့်အကဲခတ်နေတာက
ဉာဏ်မီးလင်းအောင် အားထုတ်နေတာပါပဲ။
ကျောက် ၂ ခုကို အကြိမ်ကြိမ်ခတ်လို့
မီးတောက်ကလေးရလာတော့
မိမိပတ်ဝန်းကျင်ကို မီးအလင်းရောင်နဲ့ မြင်ရသလို
အကြိမ်ကြိမ် စောင့်ကြည့် အကဲခတ်လို့
ဉာဏ်မီးလေး လင်းလာတော့
ဆင်းရဲပါလား ဘာမှ အနှစ်သာရမရှိပါလားလို့
ဉာဏ်နဲ့ ပြတ်ပြတ်ထင်ထင် ဆုံးဖြတ်ပြီးတဲ့အခါမှာ
ဒီဆင်းရဲခြင်းတွေကို စွန့်ပစ်ချင်လာတော့တယ်။
စွန့်ပစ်ချင်လာတဲ့အချိန်မှာ အဲ့ဒီမမြဲတဲ့
သဘောလေးကလည်း ဘယ်လိုမှ ပျောက်မသွားတော့ဘူး။
မကြည့်ချင်လည်းကြည့် ကြည့်ချင်လည်းကြည့်
ကြည့်နေ မြင်နေရတော့
ကဲ ........ သူဘာသူ သူ့အလုပ်သူလုပ်တာပဲလေလို့
ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သဘောထားလေး
ဝင်လာတာနဲ့ ရင်ထဲမှာ အေးခနဲ ဖြစ်သွားတယ်။
အဲ့ဒီ အချိန်မှာ လန့်သွားတတ်တယ်နော်။
လန့်ပြီး ဘာများဖြစ်ပါလိမ့်လို့ အတွေးဝင်တတ်တယ်။
အတွေးဝင်ရင် ဉာဏ်စဉ် ပျက်သွားမှာပဲ။
ပြီးတော့ အဲ့ဒါကို မဂ်ရတယ်လို့ ထင်ပြီး
ခရီးဆုံးမရောက်ပဲ ဖြစ်နေတတ်တယ်။
အရိယာမဂ်ကို ရတဲ့အခါမှာ အင်မတန်ထင်ရှားပါတယ်။
နာမ်နဲ့ ရုပ်ဟာ သီးခြားစီဖြစ်သွားတယ်။
နာမ်က သပ်သပ် ၊ ရုပ်ကသပ်သပ်ဆိုတာ
ထင်ထင်ရှားရှားဖြစ်နေတယ်။
ဒီ ရုပ် နာမ် နှစ်ခုကို တသီး တခြားစီ
ထင်ထင်ရှားရှားဖြစ်နေတာ
တွေ့ပြီးတဲ့နောက်
ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်
ဘယ်တော့မှ တပေါင်းတစည်းတည်းလို့
ခံစားမိတာမျိုး တွေးယူမိတာမျိုး မှတ်ထင်တာမျိုး
ဖြစ်ကို မဖြစ်တော့ပါဘူး။
ဒီတော့ အရိယာမဂ်ကို ရပြီလို့ ထင်လိုက်တဲ့အခါ
ရုပ်နာမ်ကို ကွဲကွဲပြားပြား အမြင်ရှင်းရဲ့လားလို့
ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပါ။
ခရီးမဆုံးသေးပဲ ခရီးဆုံးတယ်လို့
အထင်ရောက်လို့ နားနေလိုက်ရင်
အရှုံးကြီးရှုံးရတတ်ပါတယ်။
အေးခနဲ ဖြစ်သွားလို့ အတွေးဝင်မိတာမျိုးဖြစ်ခဲ့ရင်လည်း
ထပ်ပြီးပြန်ရှုမှတ်ပါ။
ရှုမှတ်မှု ပြန်မစခင်မှာ
မိမိကိုယ်ကိုလည်း သုံးသပ်ထားဖို့လိုပါတယ်။
အေးခနဲ ဖြစ်ခဲ့ရင်
ဒါ ဒုက္ခသစ္စာ ပဲလို့ ရဲရဲကြီး ဆုံးဖြတ်ချက် ချနိုင်ဖို့
သတိနဲ့ အသိရှိရပါမယ်။
ဒါကြောင့်
ဖြစ်ပျက် မြင်မုန်း ဆုံးအောင် ဖြတ်တောက်ဖို့
ဆရာကောင်းရဲ့ လမ်းညွှန်မှု သိတ်အရေးကြီးပါတယ်။
တချို့ ဖြစ်ပျက်မြင်တယ်
မုန်းလည်း မုန်းခဲ့တယ်
အဆုံးကို မရောက်ကြဘူး။
အဆုံးသတ်မှာ
မိမိက ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲဖို့လည်း လိုတယ်။
ဆုံးဖြတ်ချက်ကို မပေးတတ်ရင်လည်း
ခရီးရှည်နေမှာပေါ့။
ဟုတ်လိမ့်နိုးနိုး ထင်ယောင်ထင်မှား
အသိမှား အတတ်မှား အထင်မှားပြီး
ယောင်ပေပေနဲ့ သံသရာထဲ လည်နေမှဖြင့်
နှမျောစရာကောင်းလှပါတယ်။
ခရီးဆုံးအောင် လမ်းညွှန်ပေးနိုင်တဲ့
ဆုံးဖြတ်ချက်ချတတ်အောင်
သင်ကြားပေးနိုင်တဲ့
ပညာကို အဓိက ထားတဲ့ ဆရာနဲ့တွေ့ရင်
ကိစ္စမြန်မြန်ပြီးပါတယ်နော်။
ဆရာကောင်းကို မှီဝဲဆည်းကပ်နိုင်ပါစေ
****-တတိယမြောက်သမီးတော်****
0 comment:
Post a Comment