***ဝဋ်ကို ဝဋ်မှန်းသိပါ (၁၁)***
ဝဋ်ကို ဝဋ်မှန်းသိလို့
ဝဋ်က လွတ်မြောက်ချင်တဲ့သူဆိုတာ
ဆိုဆုံးမလွယ်သူလည်းဖြစ်ရမယ်။
စိန္တာမယဉာဏ်နဲ့လည်း ပြည့်စုံဖို့
လိုအပ်တယ်။ မဟုတ်ရင်တော့
သုတမယဉာဏ်ကိုရဖို့
ပညာကို ဆည်းပူးခြင်း လုပ်ပြီးမှ
ဝဋ်က လွတ်မြောက်ဖို့ အလုပ်ကို
ကြိုးစားအားထုတ်ပါလို့
တိုက်တွန်းပါတယ်။
ကောင်း မကောင်း ၊ မှန် မမှန်ကို
ဝေခွဲတတ်တဲ့ စိန္တာမယဉာဏ်ရှိမှ
ဘယ်အလုပ်ကိုလုပ်လုပ်
ပိုပြီး ထိရောက်မှန်ကန်
အောင်မြင်နိုင်ပါတယ်။
လူချင်းတူပေမယ့် ကောင်း မကောင်း
မှန် မမှန် လုပ်သင့် မလုပ်သင့်
ရွေးချယ်ရာမှာ မတူကြပါဘူး။
ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို
တွေးတတ်တဲ့သူ ရှိသလို
မတွေးတတ်တဲ့သူလည်း ရှိတယ်။
ဒါကြောင့် စိန္တာမယဉာဏ်က
လူတိုင်းမှာမရှိကြဘူး။
အလုံးစုံ သိနိုင်စွမ်းအောင်
ပြည့်စုံတာမျိုး သိနိုင်ကြတာမျိုး
မဟုတ်ပေမယ့် အထိုက်အလျောက်အားဖြင့်
ရွေးချယ်တတ် သိနားလည်တတ်တဲ့ဉာဏ်
ရှိတဲ့သူတွေ သီးခြားတွေ့ဖူး ကြုံဖူးကြပါတယ်။
မိမိရဲ့ ဉာဏ်ရည် ဉာဏ်သွေးအဆင့်ကို
မိမိကိုယ်ကိုဆန်းစစ်ပြီး လုပ်သင့်တာကို
ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။
ကိုယ့်ကိုကိုယ် ဉာဏ်ရည် ဉာဏ်သွေး
ထက်မြက်တယ်လို့ သိရင်
ကျန်းမာတုန်း အရွယ်ရှိတုန်း အချိန်မှာ
ဆရာကောင်းရှာပြီး သစ္စာသိအောင်
အားထုတ်ထားလိုက်ပါ။
သောတာပန် တည်ပြီးမှ
စီးပွားရှာခြင်း၊ အိမ်ထောင်ပြုခြင်းတွေ
လုပ်ပါ။ အသေဦးသွားနိုင်တာကို
လုံးဝ မမေ့လိုက်ပါနဲ့။
အချိန်ကြာကြာအားထုတ်မှ
သစ္စာသိနိုင်မယ်လို့ ကိုယ့်ကိုကိုယ်
ယူဆမိ ရင်တော့ နှစ်စဉ်တရားစခန်းတော့
ဝင်ဖြစ်အောင် ဝင်ပြီး နေ့စဉ်လည်း
အာစိဏ္ဏကံ ကုသိုလ်နဲ့ ဝိပဿနာအလုပ်ကို
တစိုက်မတ်မတ်သာလုပ်ပါ။
နည်းမှန် လမ်းမှန်ဖြစ်အောင်တော့
ဆရာရှာဖြစ်အောင်ရှာပါ။
အထင်ကြီးအောင် ပြောတဲ့စကားလား
လက်တွေ့မှာ ခန္ဓာကို ဉာဏ်နဲ့
ထိမိ မြင်တွေ့စေနိုင်တဲ့ တရားကို
ပေးတာလား ဆိုတာ ဝေခွဲတတ်ပါစေ။
တရားစခန်း မှန်ရင် ခန္ဓာ ငါးပါးကိုတော့
လက်မလွတ်တမ်း ပြောကိုပြောရမှာပါ။
ခန္ဓာကို ဉာဏ်မျက်စိနဲ့ ထိမိ မြင်တွေ့ဖို့ဆိုတာ
အင်မတန် သိမ်မွေ့ပါတယ်။
ဝဋ်ဆင်းရဲဆိုတာ တစ်သံသရာလုံး
ခံခဲ့ရတာပါ
စိတ်လေးတစ်ခု
မဂ်ဉာဏ်လေး ဖျတ်ခနဲ လင်းရုံနဲ့
ဝဋ်အနွယ်ကို ဖြတ်တောက်လိုက်တယ်ဆိုတဲ့
နက်နဲတဲ့ သိမ်မွေ့တဲ့ ထူးဆန်းလွန်းတဲ့
ဘုရားဉာဏ်
ရင်ထဲ နှလုံးသားထဲ ကိန်းအောင်
လုပ်နိုင်စွမ်းတဲ့
အရည်အချင်း
ချမ်းသာမှု
အောင်မြင်မှု
သတ္တိ
ပညာတွေရဲ့
မြင့်မြတ်ခြင်းဆိုတဲ့
အရသာထူးကို
မှီဝဲခွင့်ရတဲ့ ပညာရှိ သူတော်ကောင်းစာရင်းထဲ
ကိုယ်တိုင် ပါဝင်ခွင့်ရအောင်
စွန့်လွှတ်ခြင်း ၊ စွန့်စားခြင်းတွေနဲ့
ကြိုးစား အားထုတ်နိုင်ကြပါစေ။
***** တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
1 comment:
သာဓု သာဓု သာဓု
သမီးတော်ရေ ၂၄ရက်နေ့ စာအုပ်မိတ်ဆက်ပွဲ တက်နိုင်ရင်တက်ပါနော်။
တီတင့်
Post a Comment