ဝဋ်ကို ဝဋ် မှန်းသိပါ....(၆)
ဝဋ် ဆိုတာကတော့ ကောင်းကို မကောင်းတာ။
ကိလေသ ဝဋ်လည်းမကောင်းဘူး
ကမ္မဝဋ်လည်း မကောင်းဘူး
ဝိပါကဝဋ်လည်းမကောင်းဘူး
မိမိပြုခဲ့တဲ့ အကုသိုလ်က အကျိုးပေးတဲ့ဝဋ်လည်း
မကောင်းဘူး။
ဘယ်ဝဋ်မှ မကောင်းဘူး။
မကောင်းတာကြီးကို မကောင်းမှန်းမသိတဲ့အပြင်
တဏှာနဲ့ လိုချင်ရချင်ဖြစ်နေတဲ့ ကိလေသဝဋ်က
နှိပ်စက်တာခံနေရတာကပိုဆိုးတယ်။
အဲ့ဒီတဏှာက သေခါနီးအချိန် ဝေဒနာပြင်းထန်ရင်လည်း
သက်သာ ချမ်းသာချင်တဲ့ လောဘ က ဖြစ်သေးတာ။
မသက်မသာ ခံစားနေရလို့လည်း မကျေနပ်တဲ့ ဒေါသကလည်း
ဖြစ်သေးတာ။
ဟိုဘုံ ဒီ ဘဝ တောင့်တပြီးလုပ်ခဲ့တဲ့ အာစိဏ္ဏကံ ကုသိုလ်လည်း
ကယ်နိုင်ဖို့မသေခါဘူး။ ဒါန သီလ အားကိုးနဲ့ ချမ်းသာမယ်လို့
ထင်ပြီး အသာလေးနေနေသမျှ အသေနာတော့တာနဲ့။
ဝိပဿနာ အာစိဏ္ဏကံ ကုသိုလ်နဲ့ နေလေ့ရှိလို့
ကျင့်သားရနေလို့ ရှုမှတ်နေတတ်ရင်တော့ ချမ်းသာကို
ရနိုင်တယ်။
အဲ့ဒီတော့ အိုနာသေ ခန္ဓာကြီး သေပေါက်သေဝ ရောက်တဲ့အချိန်
ဝိပဿနာ အာစိဏ္ဏကံ ကြောင့် ကျင့်သားရလို့ ခန္ဓာရဲ့သဘောလေးကို ဆင်ခြင်နေလိုက်ရင် အကျိုးပေးက သုဂတိပဲ။
လွဲကိုမလွဲဘူး။ ဝိပဿနာအလုပ်ဟာ ဒါန သီလ ထက် ပိုပြီး
စိတ်ချရတဲ့ ကုသိုလ်အလုပ်ဖြစ်တယ်။ ကျန်းမာစဉ်ကတည်းက
အရိယာနယ်ကိုရောက်ထားပြီးသားဆိုရင် သေပေါက်သေဝ မှာ
ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုကိုယ်သိကြတယ်။အောက်မဂ်
အရိယာ(၂)ပါးက ဝိပလ္လာသ တရား (၁၂ )ပါးမှာ (၈ )ပါးကို
ပယ်ထားပြီးသူမို့ ဝေဒနာကို ဝေဒနာလို့ မြင်တယ်။
ငါနဲ့ တွဲ မနေဘူး။ ငါ နဲ့ တွဲပီး ဝေဒနာ ဖြစ်နေတဲ့သူက
မချိအောင်ခံစားရတယ် ။ ငါ နဲ့ ကွဲ နေတဲ့သူက
ပေါ်ခန္ဓာရဲ့ သဘောကို သိတော့ ပေါ်မှန်းသိနေတာကော
ပျက်မှန်းသိနေတာကော ခံသာတဲ့သဘော မခံသာတဲ့သဘောကို
ဥာဏ်နဲ့ မြင်သိပြီးနေတော့ အထည်ခန္ဓာရဲ့ နာမှု ကျင်မှုကို
အလေးမထားတော့ပဲ ပရမတ် ခန္ဓာရဲ့ မမြဲတဲ့သဘောကို
မြင်သိပြီး တိတ်ဆိတ်နေတတ်တယ်။ ပရမတ်ခန္ဓာရဲ့ သဘောကို
မမြင်မသိတဲ့သူက ရုပ်ခန္ဓာရဲ့ ဖောက်ပြန်မှုတိုင်းမှာ
ငါ့ကိုယ် ငါ့ဟာ ငါ့ခန္ဓာ ဆိုတဲ့ သက္ကာယ ဒိဋ္ဌိနဲ့ တဏှာနဲ့တွဲပြီး
ကိုယ်ရောစိတ်ပါ ပင်ပန်းရတော့တာပေါ့။
မိမိကိုယ်ကို ချမ်းသာအောင် မဆောင်ရွက်တတ်ရင်
ဘေးက ဘယ်သူပဲရှိရှိ မချမ်းသာနိုင်ဘူး။ သားတွေ သမီးတွေ
ဘယ်လောက်များများ မိမိကို မိမိသာ အကောင်းဆုံး
စောင့်ရှောက်နိုင်ပါတယ်။
သားသမီးတွေ မိသားစုဝင်တွေက စောင့်ရှောက်ထားသည်ဖြစ်စေ
စွန့်ပစ်ထားသည်ဖြစ်စေ ခန္ဓာရှိလို့ခန္ဓာ့ ဝဋ်ကိုခံရတယ်ဆိုတာ
သိတဲ့ဥာဏ်က ချမ်းသာကိုပေးစွမ်းနိုင်တယ်။ဒါက ဘုရားဥာဏ်ပဲ။
ဘုရားရှင်တော်ပွင့်ထွန်းပေါ်လို့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့
သိတာ။ ဟောဒီ ခန္ဓာကြီးဟာ အပ်ဖျား တစ်ထောက်စာလေးမှ
ချမ်းသာကို မပေးစွမ်းနိုင်ဘူးလို့ သိခွင့်ရတာ။ ဒီ အသိလေး
ဘုရားဥာဏ်လေး နှလုံးသားမှာကိန်းရင်ကိုပဲ တန်ဖိုးကြီး
လှပါတယ်။ ဒါန ပြုတဲ့အခါ ဆရာတော်များက ရှေ့ကနေ
တိုင်ပေးတတ်ကြတယ်။ ခန္ဓာ့ ဝဋ် မှ လွတ်လို၍ လှု ဒါန်းပါ၏
အရှင်ဘုရား.....တဲ့။ အဲ့ဒီ ဆုတောင်လေးတစ်ခုကိုပဲ
ဥာဏ်နဲ့ ဆင်ခြင်ပြီး နှလုံးသွင်းလိုက် ။ အလေးအနက်
သဘောပေါက်လိုက်ရင် ဘုရားဥာဏ်နဲ့ လှု ခိုင်းတယ်ဆိုတာ
နားလည်လာလိမ့်မယ်။ အဘိဓမ္မာ သင်ဖူးတဲ့သူတွေ
နားလည်းမှာပဲ အဲ့ဒါ တိဟိတ် ဥက္ကဌ် ကုသိုလ်ဖြစ်တယ်။
ဒါနကို အထွတ်အမြတ်ပြုလိုက်တာပါ။ ကာမဂုံချမ်းသာကို
ပေးစွမ်းဖို့အတွက်လို့ ရည်မှန်းရင် အလတ်စား ကုသိုလ်
အဆင့်မှာပဲ ရှိတယ်။ ဒါကြောင့် ခန္ဓာ့ ဝဋ်မှ လွတ်ဖို့ဆိုတဲ့
ရည်မှန်းချက်ကအထွတ်အမြတ်ထားရာ ရည်မှန်းချက်ဖြစ်လို့
အမြတ်ဆုံး ဒါန ဖြစ်သွားတယ်။
ခန္ဓာဝဋ် ကို ခံနေရတာကို ခန္ဓာ့ ဝဋ်လို့ မသိရင် လောဘဖြစ်ရတယ် ဒေါသ ဖြစ်ရတယ်။
ဘယ်သားသမီးကများ ငါ့ကိုလာပြီး စောင့်ရှောက်လေမလဲလို့ တောင့်တခြင်း နဲ့ လောဘ ဖြစ်ရတယ်။
ငါ့ကို ပစ်ထားရက်လေခြင်းလို့ ဒေါသဖြစ်ရတယ်။
ငါ ဘယ်လောက်ထိများ ဒီဒုက္ခကို ခံနေရမှာပါလိမ့်လို့ တွေဝေခြင်း မောဟတွေဖြစ်ရတယ်။
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက
ဘယ်သား ဘယ်သမီးမှ အပြစ်တင်မနေနဲ့
ခန္ဓာရှိလို့ ခန္ဓာ့ ဒုက္ခခံရတယ်လို့ မှတ်တဲ့။
ဒီစကားလေးက သာမာန်ပဲနားထောင်ရင်
သာမာန်နှစ်သိမ့်စကားလို့ပဲမြင်မယ်။
သေသေချာချာ နှလုံးသွင်းပြီး ဆင်ခြင်ကြည့်လိုက်ရင် ကိလေသာဖြစ်ပြီး စုတိကျမှာစိုးလို့ လမ်းညွှန်ပေး နေတာ။ သိတ်ကျေးဇူးများတယ်။
ခန္ဓာ ရှိလို့ ခန္ဓာ့ ဝဋ်ကို ခံရတာပါလားဆိုတဲ့
အသိလေးတစ်ခုက လောဘ ဒေါသ ဆိုတဲ့ ကိလေသာတွေ ပိတ်ပင်နေတဲ့
ဥာဏ် အမြင်ကို အလင်းပေးလိုက်တာပဲ။
ဥာဏ်အမြင် လင်းလက်တဲ့သူက သွားရာလမ်းကြောင်း ကောင်းသွားတယ်။ ဥာဏ်ထက်လာဖို့ဆိုတာ အမှန်တရားကိုလက်ခံ ကြံစည်ခြင်း
ဆုံးဖြတ်ချက်ချနိုင်ခြင်းက အဓိက အထောက်အပံ့ ပဲ။
ဒီ အမှန်တရားတွေကို ဟုတ်မှန်ပါလားလို့ ရဲရဲဝံ့ဝံ့
ဆုံးဖြတ်ချက်ချပြီးဆင်ခြင်လိုက်နိုင်တာ ဆိုရင်တော့
ဥာဏ်ကိုထက်အောင် သွေးပေးလိုက်တာပါပဲ။
လေးလေးနက်နက် နှလုံးသွင်း ဆင်ခြင်လိုက်ခြင်းက
သဒ္ဓါတရားဖြစ်သွားတယ်။ သံဃာတော်များရဲ့ကျေးဇူးနဲ့
ဘုရားဟော တရားတော်များကို နာယူမှတ်သားခွင့်
ရတာပါလားလို့ ယုံယုံကြည်ကြည် လက်ခံလိုက်တာ။
ပဉ္စဂ္ဂ ဇနီးမောင်နှံတို့လိုပဲ ကျေးဇူးပြုနိုင်တဲ့ နှလုံးသွင်းမှု
ဆင်ခြင်မှု ဖြစ်ပါတယ်။
ခန္ဓာရှိလို့ ခန္ဓာ့ ဝဋ်ကို ခံရတယ်ဆိုတာ နှလုံးသွင်း
ဆင်ခြင်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(22.8.2018)
THAMEETAW
THIRD
1 comment:
ခန္ဓာရှိလို့ ဝဋ်ရှိတာ ဆိုတာ အမှန်ပဲ နေမှာနော် ... မေမေဆုံးပြီးကတည်းက တစ်ခါတစ်ခါကျရင် တွေ့ဆုံကြုံကွဲ ... ရှင်ကွဲ သေကွဲတွေကို ကြုံရမှာ ကြောက် ကြောက် လာတယ် ....
မိုးည link လေး ပြန်ချိတ်ပေးအုံးနော် ... အရင် Link က ဝင်မရတော့လို့ ... https://moenyachan.blogspot.com
Post a Comment